တောင်ကြီးမြို့၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လျော့နည်းစေရေး အဘိတ်ဆေးမှုန့်ခတ်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တောင်ကြီး ၈ ဩဂုတ် 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များသို့ ယနေ့နံနက်ပိုင်းက စတင်ပြီး ကွင်းဆင်းကာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက် ရေပုံး၊ ရေကန်များတွင် အဘိတ်ဆေးမှုန့်ခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

 

ထိုသို့ ဆေးခတ်ခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ စေတနာဝန်ထမ်းများ လိုက်ပါ၍  ကံသာရပ်ကွက်၊ မင်္ဂလာဦးရပ်ကွက်၊ ချမ်းမြသာစည်ရပ်ကွက်၊ ရတနာသီရိရပ်ကွက်၊ ညောင်ဖြူ စခန်းရပ်ကွက်၊ စဝ်စံထွန်းရပ်ကွက်၊ ကန်အောက်ရပ်ကွက်နှင့် ညောင်ရွှေဟော်ကုန်း ရပ်ကွက် များရှိ ပြည်သူများ၏ နေအိမ်များသို့ လိုက်လံ၍ အဘိတ်ဆေးများ ခတ်ပေးခဲ့ကြသည်။

 

အပတ်စဉ်တိုင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းတွေဆောင်ရွက်ပေးခဲ့ကြောင်း၊ အဘိတ်ဆေး ခတ်သည့် လုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း၊  ခြင်ဆေးမှုတ် ခြင်းလုပ်ငန်းကိုမူ သွေးလွန်တုပ်ကွေးဖြစ်သည့် အိမ်နှင့် ပတ်ဝန်းကျင်ကို လုပ်ဆောင်ပေးကြောင်း၊ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအခြေအနေမှာ ၂၀၁၉ ခုနှစ်၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၅၂ ဦးရှိခဲ့ရာမှ ယခုနှစ် ၂၀၂၀ ပြည့်နှစ် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၃၂ ဦး သာဖြစ်ပွါးခဲ့ကြောင်းနှင့်  တောင်ကြီးမြို့နယ်အတွင်းတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လျှော့နည်းသွားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

ခရိုင်ပြန်/ဆက်