သနပ်ခါးကို မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် ယူနက်စကိုသို့ အမည်စာရင်းတင်သွင်း

မင်းထက်အောင်(ပန်းကိုယ်ပွား)

 

မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့အဖြစ် နှစ်သက်စွာ လိမ်းခြယ်ခဲ့ကြသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သနပ်ခါးကို မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ် နိုင်ရန် ယခုလနောက်ဆုံးပတ်က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) သို့ အမည်စာရင်း တင်သွင်းခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးရဲမြတ်အောင်က ပြောကြားသည်။

 

mdn

 

မြန်မာနိုင်ငံတွင် ထိတွေ့ကိုင်တွယ်၍မရသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များစွာရှိသော်လည်း ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရခြင်း မရှိသေးသည့် အတွက် လွန်ခဲ့သည့် နှစ်တစ်ထောင်ကျော်ကာလကတည်းက ရိုးရာယဉ်ကျေးမှုဓလေ့အဖြစ် လိမ်းခြယ်ခဲ့ကြပြီး ယနေ့တိုင် ဆက်လက်ရှင်သန်နေသည့်အပြင် တစ်မျိုးသားလုံး၏ ယဉ်ကျေးမှု လက္ခဏာအဖြစ် ကိုယ်စားပြုကာ တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် မြန်မာ့သနပ်ခါးသည် ယူနက်စကိုမှ ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် စံနှုန်းငါးချက်နှင့်လည်း ကိုက်ညီမှုရှိနေသဖြင့် ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေး တွက် ယခုကဲ့သို့ အမည်စာရင်း တင်သွင်းနိုင်ရန် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

“မြန်မာ့သနပ်ခါးကို ကမ္ဘာ့ဒြပ်မဲ့ အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုနိုင်ဖို့ ယခုလ နောက်ဆုံးပတ်မှာ ယူနက်စကိုအဖွဲ့ထံကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ အဲဒီလိုတင်သွင်းနိုင်ဖို့ ကျွန်တော်တို့ဌာနနဲ့ သနပ်ခါးအသင်းတွေ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်း ကာကွယ်မြှင့်တင်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီးတော့ တစ်နိုင်ငံလုံး က သနပ်ခါးသုံးစွဲမှုစာရင်းကို ကောက်ယူခဲ့တဲ့အပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန Facebook ကလည်း စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒါ့အပြင် သနပ်ခါးသုံးစွဲမှုနဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ မှတ်တမ်းဗီဒီယိုဖိုင်နဲ့အတူ ယူနက်စကိုက သတ်မှတ်ထားတဲ့ စံနှုန်းငါးချက်နဲ့ ကိုက်ညီတဲ့ အချက်အလက်တွေကိုလည်း ပုံစံစာရွက်မှာ အပြည့်အစုံဖြည့်သွင်းပြီး မတ်လနောက်ဆုံး ပတ်က တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယူနက်စကိုအဖွဲ့ကြီးက သုံးလတစ်ကြိမ် အစည်းအဝေးကျင်းပပြီး အမွေအနှစ် စာရင်းဝင်ဖြစ်ဖို့ ရွေးချယ်တာဖြစ်တဲ့အတွက် လာမယ့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ သနပ်ခါးကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းရှိ၊ မရှိကို သိရတော့ မှာပါ”ဟု ၎င်းက ပြောသည်။

 

ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်းနှစ်ရာကျော်တွင် ယူနက်စကိုအဖွဲ့ဝင် နိုင်ငံပေါင်းမှာ ၁၉၈ နိုင်ငံရှိပြီး ၎င်းတို့အနက် နိုင်ငံပေါင်း ၁၂၂ နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပေါင်း ၅၀၈ ခုမှာ ကမ္ဘာ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်း သတ်မှတ်ခြင်း ခံထားရသည့်အပြင် အိမ်နီးချင်း အာဆီယံနိုင်ငံများတွင်လည်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ၃၃ ခုကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ပေးထားပြီးဖြစ်သည့်အတွက် သနပ်ခါးကို မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။