သမဝါယမတက္ကသိုလ် (သန်လျင်) သတ္တမအကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ

ရန်ကုန် ၂၆   ဇန်နဝါရီ

သမဝါယမတက္ကသိုလ်(သန်လျင်)၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် သတ္တမအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာ မဟာဘွဲ့(၁၈)ဦး၊ အသုံးချစာရင်းအင်းပညာ မဟာဘွဲ့(၃)ဦး၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ မဟာဘွဲ့(၁၉)ဦး၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ မဟာဘွဲ့(၄)ဦး၊ လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ မဟာဘွဲ့(၁)ဦး၊ စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာ ဘွဲ့လွန်ဒီပလိုမာ(၁)ဦး၊ အသုံးချစာရင်းအင်း ပညာ ဘွဲ့လွန်ဒီပလိုမာ (၃)ဦး၊ ဈေးကွက်ဖော်ဆော်ရေးစီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာ(၁)ဦး၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာဘွဲ့လွန်ဒီပလိုမာ (၂)ဉီး၊ လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှု ပညာဘွဲ့လွန် ဒီပလိုမာ(၁)ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်ပညာနှင့် ဘဏ္ဍရေးပညာ) (၁၂၂)ဦး၊ စီးပွားရေး သိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ) (၉၄)ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ) (၁၂၅)ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ)  (၁၁၂)ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှုပညာ)(၆၈ဦး)နှင့် စီးပွားရေးသိပ္ပံဘွဲ့ (၁၂)ဦး၊ စုစုပေါင်း (၅၈၆)ဦး တို့ကို ဘွဲ့အပ်နှင်းချီးမြှင့်ခဲ့သည်။

ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားရာတွင် သမဝါယမတက္ကသိုလ် (သန်လျင်) အနေဖြင့် "အမျိုးသားရေး စိတ်ဓါတ်နှင့် လူမှုရေးစိတ်ဓါတ် အခြေခံရှိပြီး အရည်အချင်းပြည့်ဝသော လူမှုစီးပွားရေးပညာတတ်၊ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သည့် လူမှုအဖွဲ့အစည်းအထောက်အကူပြု တက္ကသိုလ်ဖြစ်လာစေရန်" ဆိုသည့် ရည်မှန်းချက် ထားရှိဆောင်ရွက်ကာ နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးအတွက် အကျိုးပြုမည့် လူမှုစီးပွားရေး ပညာတတ် လူ့စွမ်းအားအရင်းအမြစ်တွေကို မွေးထုတ်ပေးနိုင်ခဲ့တာဖြစ်ကြောင်း၊ မိမိတို့တက္ကသိုလ်အနေဖြင့် ကျောင်းသားကျောင်းသူများအပြင် ဒေသခံများအထိပါ လေ့လာသင်ယူနိုင်သော လူမှုဆန်းသစ်တီထွင်မှု အထောက်အကူပြုယူနစ် (Social Innovation Support Unit) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအဆင့်မြင့် တက္ကသိုလ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု(Research and Innovation) များကို ပိုမိုဆောင်ရွက်လျက်ရှိကြောင်း၊ "ယနေ့သမဝါယမ လူငယ်များသည် အနာဂတ်ဝယ် ခေါင်းဆောင်ကောင်းများဖြစ်ရမည်" "Youth Cooperators today, Leaders in future" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း၊ သမဝါယမလူငယ်များ အနေနဲ့ဘက်စုံထောင့်စုံ၊ ကဏ္ဍစုံကနေပြီး နိုင်ငံတော်ကိုလက်တွေ့ အကျိုးပြုကြဖို့လိုကြောင်း၊ ကမ္ဘာ့စီးပွားရေး ဆိုင်ရာစိန်ခေါ်မှုတွေကို မျက်ခြေမပြတ် လေ့လာပြီး ယှဉ်ပြိုင်နိုင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီးတွေဖြစ်အောင် ကြိုးစားတည်ဆောက်သွားကြဖို့လိုကြောင်း၊ အမိတက္ကသိုလ်ကြီးရဲ့ ဂုဏ်သိက္ခာနှင့် အစဉ်လာကောင်းတွေကို အစဉ်အမြဲ ထိန်းသိမ်းဆောင်ရွက်ရန်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ ကျရာအခန်းကဏ္ဍမှ အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ရန်၊ လူမှုစီးပွားရေးစနစ်ကို အခြေခံသည့် သမဝါယမ သ‌ဘောတရား၊ မူဝါဒ၊ အနှစ်သာရနှင့် ကျင့်ဝတ်များကို လေးလေးစားစား တန်ဖိုးထားပြီး လိုက်နာကျင့်သုံးဆောင်ရွက်ရန်၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး မိမိတတ်ကျွမ်းသောပညာဖြင့် လုပ်ငန်းနယ်ပယ်အသီးသီးမှ ကျရာတာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ကြပါရန် တိုက်တွန်းလိုကြောင်းပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

(သတင်းစဉ်)