သမိုင်းဝင် ပန်းအိုင်ရွှေမုဌော ဆုတောင်းပြည့်ဘုရား၏  တန်ဆောင်တိုင် ဆွမ်းတော်ကြီးကပ်ပွဲ ဘုရားဖူးလာပြည်သူများဖြင့် စည်ကား   

မလှိုင် ၁၂  နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်အတွင်းရှိ သမိုင်းဝင် ပန်းအိုင်ရွှေမုဌော ဆုတောင်းပြည့်ဘုရား၏ တန်ဆောင်တိုင် ဆွမ်းတော်ကြီးကပ်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့ အာရုဏ်တက်ချိန်တွင် နှစ်စဉ်ကျင်းပရာ ယခုနှစ်အများပြည်သူ ရုံးပိတ်ရက် ၄ ရက်နှင့် တိုက်ဆိုင်နေသဖြင့် ယမန်နှစ်ကထက် ပိုမိုစည်ကားလျှက် ကြောင်းသိရသည် ။

 

ပန်းအိုင်ကျေးရွာအုပ်စုတွင်ရပ်ကွက် (၇) ခုနှင့် တဆက်တည်း အရံရွာ (၄) ရွာရှိ ပြီး အဆိုပါရပ်ကွက်များနှင့် အရံရွာများမှ ဒေသခံပြည်သူများက တန်ဆောင် မုန်းလဆန်း (၁၁) ရက် နေ့မှစတင်၍ လှူဖွယ်ပစ္စည်းများ၊ ငွေပဒေသာပင်များကို ဖျော်ဖြေရေးယာဉ်များဖြင့် ရပ်ကွက်အလိုက် နေ့စဉ်အလှည့်ကျ လှည့်လည်အပူဇော်ခံ၍ ဘုရားကြီး သို့ပို့ဆောင်ခဲ့ကြပြီး တန်ဆောင်မုန်းလပြည့်နေ့ အာရုဏ်တက်ချိန်တွင် ဆက်ကပ်လှူ ဒါန်းခဲ့ကြသည် ။

 

mdn

 

သမိုင်းဝင် ပန်းအိုင်ရွှေမုဌော ဆုတောင်းပြည့်ဘုရားကြီး၏ တန်ဆောင်တိုင် ဆွမ်းတော်ကြီးကပ်ပွဲကို နှစ်စဉ် ကျင်းပခဲ့သည်မှာ နှစ်ပေါင်း (၁၀၀) ကျော် ရှိသွားပြီဖြစ်ကြောင်း၊ တန်‌ဆောင်မုန်းလဆန်း (၁၁) ရက်နေ့မှ စတင်၍ ရွှေသင်္ကန်း အလှူငွေနှင့် ဘောစဉ်များလက်ခံပြီး တန်ဆောင်မုန်း လပြည့်နေ့မှာ ဆွမ်းတော်ကြီးကပ်ပွဲ ကျင်းပကြောင်း၊ နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ ၁၅ ရက် ညများတွင် ပျော်ရွှင်ပွဲများအဖြစ် ဇာတ်ပွဲများထည့်သွင်းကာ  အခမဲ့ ဗလာပွဲ များပြသကြောင်း  ယခုနှစ်တွင် ပျော်ရွှင်ပွဲများအဖြစ် ရွှေနန်းတော် ဇာတ်သဘင်ပွဲ ထည့်သွင်းကပြခဲ့ကြောင်း ဘုရားကြီး ဂေါပက အဖွဲ့ထံမှသိရသည်။

 ယခုနှစ် တန်ဆောင်တိုင်ကာလတွင် နိုဝင်ဘာ (၉) ရက်နေ့မှ (၁၂) ရက်နေ့ထိ အများပြည်သူ ရုံးပိတ်ရက်  (၄) ရက်ရရှိသဖြင့် အဝေးရောက် နေသော ဒေသခံများ နှင့် ဝန်ထမ်းများ အများစုပြန်လာနိုင်ကြသဖြင့် ယမန် နှစ်ကထက် ပိုမိုစည်ကားကြောင်းလည်း သိရသည် ။                       

အောင်ဌေး(မလှိုင်)

 

mdn