ရသေ့တောင်မြို့နယ်ရှိ တံတားတစ်စင်းအား AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲဖျက်ဆီး

နေပြည်တော် ၁၃ ဩဂုတ်

 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ တံတားတစ်စင်းအား AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းသတင်းထုတ်ပြန်ချက်တွင် ရသေ့တောင်မြို့နယ် ကျောက်ခုံဘုတ်ကျေးရွာနှင့် ရေစိုးချောင်းကျေးရွာတို့အား ဆက်သွယ်ထားသည့် သံဘောင်ဘေလီ ပျဉ်ခင်းအမျိုးအစား အရှည်ပေ ၁၂၀ ခန့်ရှိ တံတားအား ဩဂုတ် ၁၂ ရက် နံနက် ၄ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲဖျက်ဆီးခဲ့ရာ တံတား၏အလယ်တွင် ပေ ၃၀ ခန့် ပျက်စီးခဲ့ပြီး ဖြတ်သန်းသွားလာ၍ မရကြောင်း ဖော်ပြထားသည်။

 

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် အများပြည်သူသွားလမ်းများ၊ တံတားများအား မိုင်းထောင်ခြင်း၊ ဖောက်ခွဲခြင်းများ မကြာခဏ ပြုလုပ်ခြင်းများကြောင့် ဒေသခံပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောင့်ကျ ထိတ်လန့်လျက်ရှိပြီး ၎င်းနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်