ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်းကြေညာခြင်း အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်း

articles_advs

ရန်ကုန်  ၂   ဒီဇင်ဘာ 

ရန်ကုန်တက္ကသိုလ် နှစ် (၁၀ဝ) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်  ကျင်းပရေး ဦးစီးကော်မတီက ဦးဆောင်ကျင်းပသည့်  ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရန်ကုန်တက္ကသိုလ် နှစ် (၁၀ဝ) ပြည့်၊ ရာပြည့်သဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားသည်။

ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့်၊ ရာပြည့်သဘင် အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းပြောကြားရာတွင် “ဒီနေ့ဟာ ကျွန်မတို့ တက္ကသိုလ်အတွက်သာမက ကျွန်မ တို့နိုင်ငံအတွက် အရေးပါတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ မြန်မာ့ပညာရေးလောကအတွက် အရေးပါတဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလမှာ ရာပြည့်အထိမ်းအမှတ်ဖွင့်ပွဲ အခမ်း အနားကို အခုလိုတက်ရောက်ပြီးတော့ အမှာစကားပြောခွင့်ရတဲ့အတွက် အင်မတန်မှ ဝမ်းမြောက်ဂုဏ်ယူပါတယ်။

မြန်မာ့ပညာရေးသမိုင်းမှာ အစဉ်အလာကြီးမားလှတဲ့ ရန်ကုန်တက္ကသိုလ်ဟာ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်ပေါ်ပေါက်ခဲ့ပြီးလာမယ့်  ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ နှစ်ပေါင်း ၁၀ဝ ပြည့်မြောက်တဲ့ ရာပြည့် သဘင်ကို ဆင်ယင်ကျင်းပနိုင်တော့မှာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရာပြည့် ပွဲသဘင်ကိုရာပြည့် ကာလဖြစ်တဲ့ ဒီနေ့ကစပြီး စည်ကားသိုက်မြိုက်ခမ်းနားထည်ဝါစွာနဲ့ တစ်ဆင့်ပြီး တစ်ဆင့် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ဒီလို ကြုံတောင့်ကြုံ ခဲဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ရာပြည့် ပွဲသဘင်အခမ်းအနားကြီးကို ဆင်ယင်ကျင်းပခွင့် ရတာဟာ ကျွန်မတို့ အားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူစရာ အခွင့်ထူးကြီးပဲဖြစ်ပါ တယ်။

သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်အသီးသီးရဲ့ မိခင်ကြီးလို့ လည်း ဆိုလို့ရပါတယ်။ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့တဲ့ တက္ကသိုလ်အသီးသီးဟာ  ရန်ကုန်တက္ကသိုလ်ကတစ်ဆင့် ပေါက်ဖွားလာခဲ့တဲ့ တက္ကသိုလ်တွေဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်ကို စတင်တည်ထောင်စဉ်ကတည်းက အင်္ဂလန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်ကြီး တွေရဲ့ စနစ်အတိုင်း စနစ်တကျ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး ပညာရပ်နယ်ပယ်မှာ တစ်ချိန်က အရှေ့တောင်အာရှမှာ အကောင်းဆုံးတက္ကသိုလ်တွေထဲမှာ တစ်ခုဖြစ်ခဲ့ပါ တယ်။ တက္ကသိုလ်ရဲ့ဥပဓိရုပ်ဟာ  အင်းလျားကန်နောက်ခံ၊ ဘွဲ့နှင်းသဘင် အဆောက် အအုံ၊ သစ်ပုပ်ပင်၊ အဓိပတိလမ်း၊ ကျယ်ဝန်းတဲ့ တက္ကသိုလ်နယ်မြေတွေကြောင့် အရှေ့ တောင်အာရှမှာ  အလှပဆုံးတက္ကသိုလ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလမှာ ကျွန်မတို့ ဦးစားပေးဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကတော့ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးပဲဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ် ပြန်လည်မွမ်းမံတာတွေ၊ အဆင့်မြှင့်တင်တာတွေကို စနစ်တကျ ဆောင်ရွက် နိုင်ဖိ်ု့အတွက် လုပ်ငန်းကော်မတီတွေ၊ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပြီး မဟာစီမံကိန်း (Master Plan) တစ်ခု ရေးဆွဲအကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်တဲ့ဦးစီးကော်မတီ (Steering Committee)ဖွဲ့စည်းပြီး အကောင်အထည်ဖော်လျက်ရှိပါတယ်။ လုပ်ငန်း အလိုက် ပညာအရည်အသွေးမြှင့်တင်ရေးကော်မတီ (Software Committee)၊ ရုပ်ပိုင်း ဆိုင်ရာ ဖြည့်ဆည်းရေးကော်မတီ(Hardware Committee)တွေကိုလည်း ထပ်မံဖွဲ့ စည်းဆောင်ရွက်လျက်ရှိပါတယ်။

မဟာစီမံကိန်း အရရန်ကုန်တက္ကသိုလ်ရဲ့ ဖွဲ့စည်းပုံ၊ စီမံခန့်ခွဲမှုကိစ္စတွေ၊ မူဝါဒ တွေ၊ လုပ်ငန်းစဉ်တွေကို တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကာလအခြေအနေနဲ့ ဆီလျော်ညီညွတ်မှုရှိအောင် ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ၂၀၁၅ ခုနှစ် အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်အရ ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ တက္ကသိုလ်(Autonomous University)ဖြစ်စေဖို့ လိုအပ်တဲ့ အချက်တွေကို ဖြည့်ဆည်းပေးလျက်ရှိပြီး မကြာခင်ကာလမှာ ရန်ကုန်တက္ကသိုလ်ဟာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိတဲ့ တက္ကသိုလ်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ရဲ့ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအဖြစ်နဲ့ မဟာဌာန စနစ် (Faculty System)ကိုထူထောင်ဖို့ ၊ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ဆန်းစစ်ပြီး မွမ်းမံပြင်ဆင်ဖို့ ၊ လိုအပ်ချက်နဲ့အညီ ပြန်လည်ရေးဆွဲဖို့ စတဲ့လုပ်ငန်းတွေကို စီမံဆောင် ရွက်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အရည်အသွေး ပိုမိုမြင့်မားတိုးတက်လာစေဖို့၊ နိုင်ငံရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေဖို့၊ နိုင်ငံတကာတက္ကသိုလ်များနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာမှာ  ထိထိရောက်ရောက်ဖြစ်စေဖို့၊ ကျောင်းသားများရွှေ့ပြောင်း ပညာသင်ယူရေး(Student Mobility)ကိစ္စတွေမှာ လွယ်ကူချောမွေ့အဆင်ပြေအောင် သင်ရိုးညွှန်းတမ်းတွေ၊ မူဝါဒတွေကို ပြုပြင်ပြောင်းလဲသွားမယ်လို့လည်း သိရပါတယ်။

အတွင်းပညာအရည်အသွေး အာမခံမှုစနစ်(Internal Quality Assurance System) ကို ထူထောင်ရေးစီမံကိန်းတွေ၊ နိုင်ငံ့အကျိုးပြုအသုံးချ သုတေသနလုပ်ငန်း တွေ (Applied Research Activities)၊ အခြားနိုင်ငံတကာတက္ကသိုလ်များနဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အစီအစဉ်တွေ (Internationalization) ရန်ကုန်တက္ကသိုလ် စာကြည့် တိ်ုက်ကိုခေတ်ရဲ့ လိုအပ်ချက်နဲ့အညီ အီလက်ထရွန်နစ် စာကြည့်တိုက် (e-Library) အဖြစ် ပြုစုပျိုးထောင်မယ့် အစီအစဉ်တွေကိုလည်း တွေ့ရပါလိမ့်မယ်။

ရုပ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေအဖြစ် ကျန်းမာရေးနဲ့ပြည့်စုံပြီး သန့်ရှင်းသာယာလုံခြုံနွေးထွေးတဲ့  တက္ကသိုလ်ရုပ်ဝန်းကျင်ကောင်းဖြစ်စေဖို့၊ တက္ကသိုလ် ဝန်းကျင်မှာ  လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေဖို့၊ အဓိပတိလမ်းတစ်လျှောက် သာယာလှပဖို့နဲ့ စိမ်းလန်းစိုပြည်ဖို့တို့ကို ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း သိရပါ တယ်။ ဒီလိုဆောင်ရွက်ရာမှာ  မျိုးဆက်သစ် ကျောင်းသားကျောင်းသူတွေ၊ ကျောင်း သားဟောင်းကြီးတွေ၊ မိဘပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ရန်ကုန်တက္ကသိုလ်ရဲ့  သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်အောင်၊ သမိုင်းဝင်အဆောက်အအုံတွေကို မထိခိုက်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ရုပ်ပိ်ုင်းဆိုင်ရာ အဆင့်မြှင့်တင်ပြုပြင် ပြောင်းလဲရေးမှာ  ရန်ကုန်တက္ကသိုလ်အစဉ်အလာနဲ့  ယဉ်ကျေးမှုအမွေအနှစ်တွေကို မထိခိုက်စေဖို့ အထူး သတိပြုရမှာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအဆင့်မြှင့်တင်ရေးလုပ်ငန်းတွေမှာ သန့်ရှင်းတဲ့ ရေပေးဝေရေးစနစ်ဖြစ်စေဖို့၊ ရေစီးရေလာကောင်းစေဖို့၊ ရေဆိုးမိလ္လာစွန့်ပစ် စနစ် ကောင်းမွန်စေဖို့၊ လျှပ်စစ်ပိုင်းဆိုင်ရာစနစ်တကျ လုံခြုံမှုရှိစေဖို့ဆောင်ရွက်မယ့် အစီ အစဉ်တွေလည်း ပါရှိပါတယ်။

သင်ယူမှုသင်ကြားမှုကဏ္ဍအနေနဲ့ နိုင်ငံတော်ရဲ့  လူမှုစီးပွားလိုအပ်ချက်၊ ပညာ ရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ သင်ရိုးညွှန်းတမ်းတွေဖြစ်အောင် လက်ရှိ အသုံးပြုနေတဲ့ သင်ရိုးညွှန်းတမ်းတွေ ကိုပြန်လည်ဆန်းစစ်တာတွေ၊ အသစ်ပြန်လည် ရေးဆွဲတာတွေ၊ ပြုပြင်မွမ်းမံတာတွေ ကိုဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သင်ရိုးညွှန်း တမ်းတွေဟာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ၊ ကျောင်းပြောင်းသင်ယူမှုတွေကို လည်း အထောက်အကူဖြစ်နိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့  လူသားကောင်းများမွေး ထုတ်ပေးနိုင်ဖို့ ရည်ရွယ်မှာဖြစ်ပါတယ်။ ကျောင်းရွှေ့ပြောင်းသင်ယူနိုင်ပြီး တက္ကသိုလ် အချင်းချင်းပူးပေါင်းဆောင်ရွက်ရာမှာ  လွယ်ကူအဆင်ပြေစေဖို့အတွက် ခရက်ဒစ် အမှတ်လွှဲပြောင်းတဲ့စနစ် (Credit Transfer System)ကိုလည်း အမြန်ဆုံး တည် ဆောက်ရမှာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်ရေးမှာ  အဓိကအကျဆုံးလုပ်ငန်းကတော့ ပညာ အရည်အချင်းမြှင့်တင်ရေးပဲဖြစ်ပါတယ်။ တက္ကသိုလ်ဆိုတာဟာ ပညာပေးတဲ့အဆင့်မြှင့် ဌာန တစ်ခုဖြစ်ပါတယ်။ ပညာပေးရာမှာ ပြီးပြည့်စုံတဲ့  လူသားကောင်းတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ရပါတယ်။ ဒီနေရာမှာ ပညာနဲ့ ပတ်သက်ပြီး  အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုနိုင်မှာ ဖြစ်ပေမယ့် ကျွန်မ အနေနဲ့ ပညာဆိုတာ လူသားတွေ ကိုခေတ်အဆက်ဆက် တိုးတက် ပြောင်းလဲစေခဲ့တဲ့ အမြော်အမြင်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ပညာသင်ယူတယ်ဆိုတာ ဘဝမှာ ကိုယ်ကြုံတွေ့ရမယ့် အခြေအနေတွေကို မျှော်မှန်းပြီးဘယ်လို အခြေအနေတွေ  ဖြစ်ပေါ်လာရင် ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲဆိုတာကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ ပဲဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်နိုင်ဖို့အတွက် ပညာအမြော်အမြင်ရှိဖို့လိုပါတယ်။ စာတွေ တတ်ပေမယ့် အမြော်အမြင်မရှိရင် ဘဝကို မှန်ကန်စွာရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး၊ စာတော်ပြီး အမြော်အမြင်ရှိမှသာလျင် နိုင်ငံကိုအကျိုးပြုနိုင်မှာ ဖြစ်ပါတယ်၊ အကျိုးပြု မယ့်လူသားတွေကို အကျိုးပြုနိုင်မယ့်သူတွေဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ပညာအရည်အချင်းမြှင့်တင်ရေးမှာ ဒီလို ပညာ အမြော်အမြင်ရှိတဲ့ နိုင်ငံသားကောင်းတွေ၊ လူသားကောင်းတွေ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်ဖို့ ရည်မှန်းချက်ထားရှိရမှာဖြစ်ပါတယ်။

ပညာရပ်နယ်ပယ်မှာ ဘယ်ဘာသာရပ်က ဘယ်ဘာသာရပ်ထက် ပိုပြီးတန်ဖိုးရှိ တယ်ဆိုတာကို ယတိပြတ် ပြောလို့မရပါဘူး။ ဘာသာရပ်တိုင်းဟာ သူ့နေရာနဲ့သူ တန်ဖိုးရှိတာပဲ ဖြစ်ပါတယ်။ ပညာအရည်အချင်းမြှင့်တင်ရေးမှာ ဘာသာရပ်တိုင်းကို ဖွံ့ဖြိုးတိုးတက်ဖို့  အားပေးမှသာပညာရပ်နယ်ပယ်တစ်ခုလုံး ဖွံ့ဖြိုးတိ်ုးတက်လာမှာဖြစ်ပါ တယ်။ ဘာသာရပ်တွေ ရဲ ့ တန်ဖိုးရှိမှုမရှိမှုဟာ သုံးစွဲပုံပေါ်မှာ အင်မတန်မှမူတည်ပါ တယ်။ ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန် သုံးစွဲရင် တန်ဖိုးရှိပြီးတော့ မမှန်မကန် သုံးစွဲရင် အန္တရာယ်ဖြစ်လာမယ်ဆိုတာကို ကျွန်မတို့ အားလုံးသိပြီးသားလို့ မျှော်လင့်ပါ တယ်။ ရန်ကုန်တက္ကသိုလ်နဲ့တကွ တက္ကသိုလ်အသီးသီးမှာရှိတဲ့ ပညာရပ်တိုင်းကို ဟန်ချက်ညီညီနဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့ အားပေးလုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ဘာသာရပ်အသီးသီးက ကျောင်းသူကျောင်းသားတွေကို ထူးချွန်ထက်မြက်လာအောင် ပြုစုပျိုးထောင်နိုင်မှ နိုင်ငံတော်ကဏ္ဍအသီးသီးရဲ့ တာဝန်တွေကို ထူးချွန်ထက်မြက်တဲ့ ဒီ လူငယ်တွေက လက်ဆင့်ကမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်လာအောင် ဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမဖြစ်သေးပါဘူး ဖွံ့ဖြိုးဆဲပဲဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တွေအပေါ်မှာ တာဝန်တွေအများကြီးရှိသလို နိုင်ငံရဲ့အကျိုး ထမ်း ဆောင်ပုံအခွင့်အရေးတွေလည်း အများကြီးရမှာမို့လို့ ဝမ်းသာစေချင်ပါတယ်၊ ဂုဏ်ယူ စေချင်ပါတယ်။

မကြာခင်မှာ ကျရောက်တော့မယ့် ရန်ကုန်တက္ကသိုလ် ရဲ့ ရာပြည့်သဘင်ကြီးဟာ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်ဆက်နွှယ်သူတွေ အတွက်သာမကမြန်မာတစ်မျိုးသား အားလုံးအတွက် ဂုဏ်ယူစရာအချိန်အခါဖြစ်ပါတယ်။ ဒီ ရာပြည့်သဘင် အခမ်းအနား ကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် လုပ်ငန်းကော်မတီ ၁၇ ခုကို ဖွဲ့စည်း ထားပြီးဆောင်ရွက်နေတယ်လို သိရပါတယ်။

ဒီကနေ့ စတင်ဖွင့်လှစ်လိုက်တဲ့  ရာပြည့် အကြိုကာလကစပြီးနှစ်(၁၀ဝ)မြောက် ပြည့်တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ဒီလုပ်ငန်းကော်မတီတွေရဲ့ လုပ်ငန်းစဉ်တွေ ကို တစ်ဆင့်ပြီးတစ်ဆင့် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားကြပါ၊ ဒီလိုဆောင်ရွက် ရာမှာ လုပ်ငန်းစဉ်တွေကို မျိုးဆက်သစ်ကျောင်းသားကျောင်းသူတွေ၊ ကျောင်းသား ဟောင်းကြီးတွေ၊ မိဘပြည်သူတွေကို ပွင့်လင်းမြင် သာစွာတင်ပြပြီး အားလုံးဝိုင်းဝန်းပူး ပေါင်းပါဝင်လာအောင် ကြိုးပမ်းသွားကြပါ၊ ရန်ကုန် တက္ကသိုလ်ရဲ့  ရာပြည့်သဘင် အခမ်းအနားကြီးကို မြန်မာ့ပညာရေးအောင်ပွဲအဖြစ် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ဖို့ အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါ တယ်။ အားလုံးလည်း ဆောင်ရွက်ပေးနိုင်ကြပါစေလို့လည်း မေတ္တာပို့သအပ်ပါတယ်” ဟု ပြောကြားသည်။


(သတင်းစဉ်)