ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ကိုဗစ်-၁၉ ဆေးရုံဆင်းလူနာများနှင့် ပိုးတွေ့လူနာများ ရွှေ့ပြောင်းရေးအတွက် ပါဝင်ဆောင်ရွက်ပေးနေ

ရန်ကုန် ၁၅ အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဆေးရုံဆင်းလူနာများ ပြန်လည်ပို့ဆောင်ရေးနှင့် ပိုးတွေ့လူနာများ ရွှေ့ပြောင်းရေးအတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ဆေးရုံဆင်းလူနာတွေအတွက် YRTA ကနေ ဆေးရုံအသီးသီးကို ကားတွေစေလွှတ်ပြီးတော့ သက်ဆိုင်ရာ လမ်းကြောင်းအလိုက် ပို့ဆောင်ပေးရတာ ရှိပါတယ်။ တောင်ပိုင်းခရိုင်မှာဆိုရင် သန်လျင်အထိတို့၊ တွံတေးဘက်ဆို လှိုင်သာယာဘက်က သွားပြီးပို့ပေးတာတို့၊ တစ်ခြားမြို့နယ်တွေဆိုလည်း သက်ဆိုင်ရာလမ်းကြောင်းအလိုက် ပို့ပေးရတာတွေရှိပါတယ်” ဟု YRTA အဖွဲ့ဝင် မန်နေဂျင်းဒါရိုက်တာ ဉီးအောင်ညီညီမော်က ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါ ဆေးရုံဆင်းလူနာများနှင့် အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း သတ်မှတ်ရက်ပြည်ပြီးသူများအား ပြန်လည်ပို့ဆောင်ရာတွင် နေ့စဉ်မော်တော်ယာဉ်အစီးရေ ၃၀ ကျော်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကိုဗစ်ကုသရေးနှင့် အသွားအလာ ကန့်သတ်စောင့်ကြည့်ရာ ဌာနအသီးသီး၏ မော်တော်ယာဉ်လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးလျက်ရှိပြီး လေကြောင်းလိုင်းများဖြင့် နိုင်ငံတွင်း ပြန်လည်ဝင်ရောက်လာသူများအတွက် သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းကိုလည်း  မော်တော်ယာဉ်အစီးရေ ၂၀ ကျော် အသုံးပြုကာ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းများအား ကြိုပို့လုပ်ငန်းဆောင်ရွက်ပေးခြင်း၊ တာဝန်ကျရာနေရာများသို့ အသွားအပြန် ပို့ဆောင်ပေးခြင်းများကိုလည်း စီမံဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပရဟိတသမားများအား ကြို/ပို့နှင့် လုပ်ငန်းခွင်အသွားအပြန် သယ်ယူပို့ဆောင်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကာ မြို့နယ်အသီးသီးသို့ အာခေါင်၊ နှာခေါင်းတို့ဖတ် သွားရောက်ရယူသော ကျန်းမာရေးဝန်ထမ်းများအတွက် နေ့စဉ် မော်တော်ယာဉ် ၈ စီးခန့် အသုံးပြုနေကြောင်း သိရသည်။

YRTA အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ အင်အားဖြည့်ရန် ရောက်ရှိလာသော ကျန်းမာရေးဝန်ထမ်းများကို အမြန်လမ်း မိုင်တိုင်အမှတ် “၀” မှ ကြိုဆိုပြီး ၎င်းတို့အားထားရှိမည့် နေရာများသို့ ပို့ဆောင်ပေးခြင်း၊ တာဝန်ကျရာဆေးရုံ၊ စင်တာများသို့ အသွားအပြန်ပို့ဆောင်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများအား ရွှေ့ပြောင်းရာတွင် အသုံးပြုရန် scania ယာဉ် ၂၄ စီးနှင့် အဝါရောင် မီနီဘတ်စ်ယာဉ် ၂၅ စီးကိုလည်း ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာန၌ တာဝန်ချထားပေးကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်း အထောက်အကူပြုအဖွဲ့အနေဖြင့် တစ်နေ့လျှင် လူဉီးရေ ၇၀၀ ခန့်ကို အစားအသောက် ဖြန့်ဝေပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကုသရေးစင်တာများ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရာ နေရာများသို့လည်း နေ့စဉ်အစားအသောက် ပို့ဆောင်ပေးခြင်းများကို ယာဉ်အစီးရေ ၁၃၀ ခန့် အသုံးပြုလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မော်တော်ယာဉ်များအား ပုဇွန်တောင် ယာဉ်ရပ်နားကွင်းသာမက ရှင်စောပု၊ မြောက်ဥက္ကလာ၊ ဖောင်ကြီး၊ ရိုးမရိပ်သာ၊ အောင်မြင့်မိုရ်၊ လှိုင်(တက္ကသိုလ်) အိမ်ရာဝင်းတို့၌လည်း ဖြန့်ခွဲထားရှိပြီး မော်တော်ယာဉ် လိုအပ်ချက်ရှိရာ နေရာများသို့ အနီးဆုံးယာဉ်ကို စေလွှတ်ပေးလျက်ရှိကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- လင်းညွန့်