ရန်ကုန်ငမိုးရိပ်ချောင်း (​တောင်​ဥက္ကလာပဘက်​ခြမ်း) ကမ်းပြိုကာကွယ်​​ရေး သြဂုတ်​လအပြီး ​ဆောင်ရွက်သွားမည်​

ရန်​ကုန်​ ၁၂ ဇူလိုင်

 

ရန်​ကုန်​တိုင်း​ဒေသကြီး ​တောင်​ဥက္ကလာပမြို့နယ် ​(၁၅) ရပ်​ကွက်​ ဘေလီတံတားအနီးရှိ ပါရမီလမ်းနှင့် ရွှေပြည်​ခိုင်​ညာလမ်း ငမိုးရိပ်​ချောင်း (​တောင်​ဥက္ကလာပဘက်​ခြမ်း) တွင်​​ ဆောင်​ရွက်​​နေ​သော ကမ်းပြိုကာကွယ်​​ရေး​ လုပ်​ငန်းသည်​ (၆၀) ရာခိုင်​နှုန်းကျော် ​ပြီးစီးလာပြီး သြဂုတ်​လကုန်​ပိုင်းအပြီး ဆောင်ရွက်​နိုင်​ရန် ​လျာထား​ကြောင်း ရန်​ကုန်​တိုင်းဒေသကြီး ​ရေအရင်းအမြစ်​နှင့် မြစ်​​ချောင်းများ ဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန​ ဒေသ(၁)မှ သိရသည်​။

 

“ဒီစီမံကိန်း အခု​ဆောင်​ရွက်​​နေတာ လုပ်​ငန်းပြီးစီးမှုအ​နေနဲ့ ၆၀ ရာခိုင်​နှုန်းကျော်​လာပြီ​ပေါ့။ စီမံကိန်းအားလုံး ပြီးစီးဖို့ကို​တော့ လာမယ့်သြဂုတ်​လအပြီး ​ဆောင်​ရွက်​နိုင်​ဖို့ လုပ်​​ဆောင်​​နေပါတယ်။ ဒီလိုကမ်းပြိုတဲ့အ​ကြောင်းက ရေနက်​စီး​ကြောင်းရှိတဲ့အတွက်​ ကမ်းတစ်​ဖက်​တစ်​ချက်​မှာ Basic Level တိုက်​စားခံရတာပါ၊ မြစ်​​ကွေးရဲ့အပြင်​ဘက်​မှာ ကမ်းတွေရှိ​နေတာ​တွေ​ကြောင့် တိုက်​စားခံရတာပါ၊ မြေသားညံ့တဲ့​ နေရာ​တွေမှာလည်း တိုက်​စားခံရတာပါ၊ ဒီ​နေရာ​တွေကို ကွန်​ကရစ်​ပစ္စည်းတွေ အသုံးပြုပြီး လုပ်​​နေတယ်​၊ ဒါ​တွေကို ​ရေရှည်​တည်​တံ့ဖို့က ကမ်းပါး​တွေကို ထိန်းနိုင်​မယ့် ဒီ​ရေ​​တောအပင်​​တွေ စိုက်ပျိုးသွားဖို့ရှိတယ်​။ ပတ်​၀န်းကျင်​အ​နေနဲ့ကလည်း ဒီလိုကမ်းပါးထိန်း ဆောင်​ရွက်​ထားတဲ့​နေရာ​တွေမှာ အမှိုက်​​တွေမပစ်​ဖို့ သတိ​ပေးလိုတယ်​၊ အမှိုက်​​တွေ စွန့်ပစ်​ပစ္စည်းတွေ​ကြောင့် ကြွက်​​တွေလာ​အောင်းမယ်​၊ ​မြေကြီး​တွေကို ကြွက်​​ဖောက်​မယ်​ဆိုရင် ​တွင်းတွေ ဂလိုင်​​တွေဖြစ်​ပြီး ကြာရှည်​လာရင်တော့ ကမ်းပြိုမှုကို အား​ပေးရာ​ရောက်​ပါတယ်​” ဟု ရန်​ကုန်​တိုင်းဒေသကြီး ​ရေအရင်းအမြစ်​နှင့် မြစ်​​ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ​ဒေသ(၁)မှ ဒုတိယညွှန်​ကြား​​ရေးမှူး ဦး​ကျော်၀င်းလှိုင်​က ​ပြောသည်​။

 

ထိုစီမံကိန်းကို ရေအရင်းမြစ်​နှင့် မြစ်​​ချောင်းများ ဖွံဖြိုးတိုးတက်​​ရေးဦးစီးဌာန၏ ကြီးကြပ်​မှုဖြင့် တင်ဒါအောင်​မြင်​​သော စံညွှန်းသစ်​ ကုမ္ပဏီမှ တာ၀န်​ယူ​ကာ ယခုနှစ်​ မတ်​လ ၁၀ ရက်​​မှစတင်​ပြီး သြဂုတ်လကုန်​ပိုင်း အပြီး​ဆောင်​ရွက်​ရန်​ လျာထား​ကြောင်း သိရသည်​။ ထိုကမ်းပြိုကာကွယ်ရေး စီမံကိန်းသည်​ ဘိုးပိုင်​အ​ခြေပြု ​ကျောက်​စီ​မြေထိန်းနံရံ တည်​​ဆောက်​​ရေးစီမံဖြစ်သည်​။

 

​တောင်​ဥက္ကလာပ မြို့နယ်​ (၁၅) ရပ်​ကွက်​ ​ဘေလီတံတား ​ရွှေပြည်​ခိုင်​ညာလမ်း အနီးမှ အလျား ၁၂၇၅ ​ပေ ရှည်​ကို​ တင်​ဒါ​အောင်​သည့် တန်​ဖိုးကုန်​ကျ​ငွေသည်​ ကျပ်​သန်း (၁၂၀၅) ကုန်​ကျ​မည်​ဖြစ်​ကြောင်း သိရသည်။ ​ထိုစီမံကိန်းပြီးစီးလျှင် ​ငမိုးရိပ်​​ချောင်းနှင့် ထိစပ်​​နေ​သော ​တောင်​ဥက္ကလာပမြို့နယ်​ (၁၅) ရပ်ကွက်​နှင့် ချောင်းကမ်းတစ်​​လျှောက်​ ​နေရာများသည်​ ​ရေကြီး​ရေလျံမှုများကို လျှော့ချကာကွယ်​နိုင်ပြီး ကမ်းသာယာမှုနှင့်အတူ  ပြည်​သူများအ​နေဖြင့် ငမိုးရိပ်​​ချောင်း တစ်​​လျှောက်​ လမ်းလျှောက်ခြင်း၊ ကိုယ်လက်​​ လေ့ကျင့်ခန်းများ ​ဆောင်​ရွက်​ခြင်း၊ အပန်းဖြေခြင်း၊ လေ​ကောင်းလေသန့် ရရှိ​စေမည်​ဖြစ်ကြောင်း သိရသည်​။

 

လက်​ရှိတွင်​ ငါမိုးရိပ်​​ချောင်း၌ ​ဆောင်​ရွက်​​နေ​သော ကမ်းပြိုကမ်းစား ကာကွယ်​​ရေးလုပ်​ငန်းများသည်​ ရန်ကုန်​တိုင်းဒေသကြီး​ ရေအရင်းအမြစ်​နှင့် မြစ်​​ချောင်းများ ဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန ​ဒေသ (၁) ၏ ငမိုးရိပ်​​ချောင်းအတွင်း တတိယနှစ်​ ​ကွေ့ ၅ ​ကွေ့ စီမံချက်​မှ စီမံကိန်းတစ်​ခုအပါ၀င်​ ဖြစ်​​သည်​။

 

အဆိုပါကျန်​​ရှိကွေ့များတွင်​လည်း ကမ်းပြိုကာကွယ်​​ရေး လုပ်​ငန်းများ ​ဆောင်​ရွက်​​နေကြောင်း သိရသည်။ ထိုကွေ့ (၅​) ကွေ့ပြီးစီးလျှင်​ ​ကွေ့​ပေါင်း (၁၅) ကွေ့ပြီးစီးမည်​ဖြစ်​ပြီး ထပ်​မံကျန်​ရှိ​နေ​သော ​ကွေ့ (၁၀) ကွေ့ကို လာမည့်နှစ်​များတွင် ​ဘတ်ဂျက်​​ငွေရရှိမှု​ပေါ် မူတည်​၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်​။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ-မျိုးကြီး