ရန်ကုန်စတော့အိတ်ချိန်း၏ YSX EXPO 2020 ကို ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်းတွင် ကျင်းပမည်

ရန်ကုန် ၇ စက်တင်ဘာ

ရန်ကုန်စတော့အိတ်ချိန်းက ကြီးမှူး၍ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပသည့် YSX EXPO ကို ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေးဖြင့်ကျင်းပသည့် အခမ်းအနားပုံစံမျိုးမဟုတ်ဘဲ Web-Based Online Platfom ကိုသုံး၍ ပထမဆုံးအကြိမ် အွန်လိုင်းပြပွဲအဖြစ် စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက် တွင် ကျင်းပသွားမည်ဖြစ်ကာ တက်ရောက်လိုသူများအနေဖြင့် အွန်လိုင်းမှပင် ကြိုတင်စာရင်းသွင်း၍ အခမဲ့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ YSX EXPO 2020 တွင် Online Exhibition ပြခန်းများအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်း၏ ဒစ်ဂျစ်တယ်ပြခန်း၊ စာရင်းဝင်ကုမ္ပဏီများ Goca FMI, MTSH, MCB, FPB, TMH Telecom နှင့် EFR တို့၏ ဒစ်ဂျစ်တယ်ပြခန်းများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများဖြစ်သော MSEC, KBZSC, CBSC, KTZRH နှင့် UABSc တို့၏ ဒစ်ဂျစ်တယ်ပြခန်းများစသည့် ပြခန်းငယ်များစွာကို ပြသသွားမည်ဖြစ်ကာ ပြပွဲရက် နှစ်ရက်အတွင်း အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုလေ့လာ၍ မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်အကြောင်းကို လေ့လာနိုင်မည်ဖြစ် သည်။ ပြခန်းများအပြင် ဘဏ္ဍာရေးနယ်ပယ်အသီးသီးမှ ထင်ရှားသော ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ ကိုဗစ်-၁၉ အလွန် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို သုံးသပ်ဆွေးနွေးသွားမည့် စကားဝိုင်းဆွေးနွေးပွဲ(Panel Discussion) တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်နှင့် မြန်မာနိုင်ငံ၏ စတော့ဈေးကွက်တွင် နိုင်ငံခြားသားများ ပါဝင်ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးမည့် စကားဝိုင်းဆွေးနွေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်များလည်း ပါဝင်မည်ဟု သိရသည်။ ထို့အပြင် Interview Talk Program အနေဖြင့် စတော့ရင်းနှီးမြှုပ်နှံမှုကို စိတ်ပါဝင်စားသော ရင်းနှီးမြှုပ်နှံသူများအတွက် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများဖြစ်သည့် First Myanmar Investment(FMI)၊ Myanmar Thilawa SEZ Holdings (MTSH)၊ Myanmar Citizens Bank(MCB)၊ First Private Bank(FPB)၊ TMH Telecom(TMH) နှင့် Ever Flow River Group(EFR)တို့မှ တာဝန်ရှိသူများက ကိုဗစ်ကာလအတွင်း အထိအခိုက်အနည်းဆုံးဖြစ်အောင် ကုမ္ပဏီတွင်းလုပ်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများနှင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ အလွန် စီးပွားရေးအခြေအနေအပေါ် မျှော်လင့်ချက်စသည်တို့ကိုလည်း Interview Talk အစီအစဉ်ဖြင့် ပြသသွားမည် ဖြစ်သည်။ အဆိုပါ အစီအစဉ်များအပြင် အထူးအစီအစဉ်အနေဖြင့် YSX EXPO 2020 ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အွန်လိုင်းပြပွဲကြီးတွင် စတော့ရှယ်ယာ အရောင်းအဝယ်ပြုလုပ်လိုသူများအတွက် သက်ဆိုင်ရာငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများနှင့် ချိတ်ဆက်၍ အွန်လိုင်းမှတစ်ဆင့် စတော့ရှယ်ယာစာရင်းများကို အခမဲ့ဖွင့်လှစ်နိုင်ရန်လည်း စီစဉ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။ YSX EXPO 2020 ၏ အစီအစဉ်များကို အွန်လိုင်းမှတစ်ဆင့် တက်ရောက်ကြည့်ရှုလိုသူများအနေဖြင့် ဝက်ဘ်ဆိုက်လိပ်စာ http:// ysx.expo2020.online သို့မဟုတ် https:// ysx.expo2020.online တွင် အမည်၊ အီးမေးလ်၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ အသက်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ လိပ်စာ၊ အလုပ်အကိုင်၊ ရာထူး၊ YSX ဈေးကွက်တွင် စတော့ရောင်း/ဝယ်ဖူးခြင်း ရှိမရှိ၊ ငွေချေးသက်သေခံလက်မှတ်စာရင်း ဖွင့်ပြီးခြင်း ရှိမရှိ စသည့်အချက်များကို ဖြည့်စွက်ပေး၍ အခမဲ့ ကြိုတင်စာရင်းသွင်းရမည်ဖြစ်သည်။ စာရင်းသွင်းပြီးပါက စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် အင်တာနက်ရရှိသော မည်သည့်နေရာမှမဆို ကွန်ပျူတာ၊ ဖုန်းနှင့် တက်ဘလက်များဖြင့် လွယ်ကူစွာဝင်ရောက်၍ အစီအစဉ်များကို အခမဲ့ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် YSXEXPO 2020 သို့ တက်ရောက်ရန် ကြိုတင်မှတ်ပုံတင်ပြုလုပ်သူများအတွက် ဖုန်းဘေလ် ကံစမ်းမဲအစီအစဉ်ကိုလည်း ပြုလုပ်ပေးထားပြီး ကြိုတင်စာရင်းပေးသွင်းသူများထဲမှ ကံထူးရှင်ဦးရေ ၁၀၀အတွက် ဖုန်းဘေလ်များကို ကံစမ်းရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သူရဖြိုး