ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကျေးရွာ ၅၅၇ ရွာကို တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေး ဆောင်ရွက်သွားမည်

mdn

နေပြည်တော် ၂၀ အောက်တိုဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကျေးရွာပေါင်း (၅၅၇) ရွာ၌ တစ်အိမ်သုံးဆိုလာစနစ် (Solar Home System- SHS) ဖြင့် လျှပ်စစ်မီးရရှိရေးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KfW) အဖွဲ့တို့ပူးပေါင်း၍ နိုင်ငံတော်ဘတ်ဂျက်၊ KfW အဖွဲ့ ထောက်ပံ့ရန်ပုံငွေ ယူရို ၇ သန်းနှင့် ပြည်သူ့ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (National Electrification Project- NEP)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မဟာဓာတ်အားလိုင်း ပြင်ပစနစ် ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့်သာမက အခြားသော နိုင်ငံတကာ ဖွံ့ရေးမိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) အဖွဲ့အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးလက်မီးလင်းရေး လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။

 

စီမံကိန်းဆောင်ရွက်ရာတွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပ) [NEP (Off-Grid)] အစီအစဉ်အရ သတ်မှတ်ထားရှိသည့် စီမံကိန်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ စီမံကိန်းဧရိယာ ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ပြီး တစ်အိမ်သုံးဆိုလာစနစ် (Solar Home System- SHS) ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ၊ ကျေးရွာပေါင်း (၅၅၇)ရွာ၊ အိမ်ခြေပေါင်း (၂၃၀၀၀)ခန့် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါကျေးရွာများရှိ အများပြည်သူပိုင် အဆောက်အဦများ လျှပ်စစ်မီးရရှိရေးအတွက် လမ်းမီးတိုင် (၂၆၇၂)တိုင်၊ စာသင်ကျောင်း (၃၃၇)ကျောင်း၊ ဆေးပေးခန်း(၆၀)၊ ဘာသာရေးအဆောက်အဦ (၃၇၅)လုံးအတွက် အများသုံးဆိုလာစနစ် (Public facilities) (၃၄၄၄) စုံကိုလည်း စီမံကိန်းရန်ပုံငွေမှ အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တစ်အိမ်သုံးဆိုလာစနစ်များကို ဒေသခံပြည်သူများမှ မိမိပိုင်ပစ္စည်းကဲ့သို့ စနစ်တကျ ကိုင်တွယ်အသုံးပြုစေရန် ရည်ရွယ်၍ ဝပ် ၆၀ ဆိုလာစနစ်အတွက် ငွေကျပ် ငါးသောင်းနှင့် ဝပ် ၁၀၀ ဆိုလာစနစ်အတွက် ငွေကျပ် တစ်သိန်းငါးသောင်း ပြည်သူ့အချိုးကျ အရစ်ကျစနစ်ဖြင့် နှစ်ကြိမ်ခွဲ၍ ထည့်ဝင်ရမည်ဖြစ်ပြီး ဆိုလာစနစ် တစ်စုံစာအတွက် ကျန်ရှိသည့် တန်ဖိုးကို စီမံကိန်းရန်ပုံငွေမှ ကျခံပေးမည်ဖြစ်ကြောင်း၊ စီမံကိန်းကျေးရွာရှိ အများပြည်သူပိုင် အဆောက်အဦများဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးတိုင်များကို စီမံကိန်းရန်ပုံငွေမှ ရာနှုန်းပြည့်ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ အိမ်သုံးဆိုလာစနစ်အတွက် ထည့်ဝင်ထားသည့် ပြည်သူ့ထည့်ဝင်ငွေများအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

သတင်းစဉ်