ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းဝေး (၇/၂၀၂၀) ကျင်းပ

စစ်တွေ ၂ ဇွန်

 

ရခိုင်ပြည်နယ် Coronavirus Disease – 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းဝေး (၇/၂၀၂၀)ကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ် Coronavirus Disease – 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယနေ့အစည်းအဝေးတွင် ကော်မတီ၏ ဆောင်ရွက်ခဲ့သောလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလမတိုင်မီ ကြိုတင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ကိုဗစ်အလွန်ကာလတွင် ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးပေးကြစေလိုကြောင်း၊  မိမိတို့ပြည်နယ်တွင် ရောဂါပိုးတွေ့ရှိသည့် လူနာနှစ်ယောက်ပေါ်ပေါက်ခဲ့ပြီ ၎င်းလူနာများတွင်လည်း ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများမှာ ရောဂါပိုးပါလာသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့ပြည်နယ်တွင် ရောဂါပိုးကူးစက်ပြန့်နှံ့မှု လုံးဝမရှိဟုပင် ပြောလို့ရပါကြောင်း၊ ယခုလိုအခြေအနေမျိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်လျှင် ကိုဗစ်-၁၉ အလွန်ကာလကိုလည်း စဉ်းစားဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းအနေဖြင့်လည်း ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်သောပစ္စည်းများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ထားပါကြောင်း၊ ဆက်လက်၍လည်း သုံးစွဲနေပါကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်သည့် ပစ္စည်းများ၊ ငွေကြေးများ သုံးစွဲရာတွင်လည်း တတ်နိုင်သမျှ ထိထိရောက်ရောက် မှန်မှန်ကန်ကန်ဖြစ်အောင် အလေအလွင့်နည်းအောင် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရပါကြောင်း၊ ဆက်လက်ပြီးလည်း ယခုကဲ့သို့ ဆောင်ရွက်သွားစေလိုကြောင်း၊ နောက်ထပ်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ်တွင် လိုအပ်ချက်ရှိပါကလည်း ဆွေးနွေးပေးကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလှုံဆော်မှုများ ဆောင်ရွက်သလို မိုးဦးကျကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးကိုလည်း လိုက်နာလုပ်ဆောင်သွားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်အောင်  ပညာပေးလှုံ့ဆော်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မိမိပြည်နယ်တွင် ဖြေလျော့မှုများကို ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ကြိုတင်ဆောင်ရွက်ခဲ့သောလုပ်ငန်းများ လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ကော်မတီ အဖွဲ့ဝင်များအနေဖြင့် စေတနာထားကာ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ် Coronavirus Disease – 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ လက်ရှိဆောင်ရွက်နေသည့် အခြေအနေ၊ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်သည့် ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီအဖွဲ့ဝင်များက Coronarvirus Disease – 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)