ရွှေတိဂုံစေတီတော်၌ သီတင်းကျွတ်လပြည်နေ့ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကျင်းပ

ရန်ကုန် ၃၁  အောက်တိုဘာ 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၂ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရွှေတိဂုံစေတီတော် ရှေးဟောင်းရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ နိုင်ငံတော် ဩဝါဒါစရိယ  အင်းစိန်မြို့နယ်ရွာမ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တတိလောကာဘိဝံသ ဆရာတော်ကြီးထံမှ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ 

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးခင်မောင်ဌေးနှင့် ဂေါပကအဖွဲ့ဝင် ဦးညွန့်သင်းတို့က သာသနာရေးဆိုင်ရာများ ကိုလျှောက်ထားသည်။

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီး များက ဩဝါဒါကထာများ မြွက်ကြားတော်မူကြသည်။

ထို့နောက် ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဗဟန်းမြို့နယ် ညောင်တုန်း ပါဠိက္ကသိုလ် ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပဝရာဘိဝံသ ထံမှ အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ယနေ့ကျင်းပသည့် ရွှေတိဂုံစေတီတော် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို  Coronavirus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
သတင်းစဉ်