ရွှေကူမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ပစ္စည်းများပေးအပ်

ရွှေကူ ၁၅ ဇူလိုင်

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ဧရာဝတီမြစ်ရေများ ဝင်ရောက်မှုကြောင့် ယာယီ ပြောင်းရွှေ့ခဲ့သော ရေဘေးသင့်အိမ်ထောင်စုများအား ယနေ့မွန်းလွဲပိုင်း ၂ နာရီခွဲတွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများနှင့် ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ခံ ဦးနေဆန်းလင်းနှင့် ဦးကျော်သူက ဧရာဝတီမြစ်ရေများ ဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့ခဲ့သော ရွှေကူမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု (၄၃)စုအား နှာခေါင်းစည်း (Mask) ၂၀၆ ခု၊ ဆပ်ပြာချောင်း ၄၃ ချောင်းနှင့် အိမ်ထောင်စုတစ်စုလျှင် ဆန်ဖိုးငွေ တစ်ပတ်စာ ၂၁၀၀ နှုန်းဖြင့် လူဦးရေ ၂၀၆ ဦးအတွက် ထောက်ပံ့ငွေကျပ် ၄၃၂၆၀၀ အား ရေဘေးသင့်ပြည်သူများထံ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရေဘေးသင့်ပြည်သူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရွှေကူမြို့ပေါ် ရပ်ကွက်ရှိ မြဝတီဘုန်းတော်ကြီးကျောင်းတိုက်၊ အောင်တော်မူဘုရားဝန်း၊ သူဌေးတောရကျောင်းနှင့် ကျောက်တလုံးကျေးရွာရှိ ဓမ္မာရုံများတွင် ယာယီပြောင်းရွှေ့ကာ နေရာချထားလျက်ရှိကြောင်း သိရသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)