ရှေးဟောင်း သမိုင်းဝင်ရန်အောင်မြင်စေတီတော်ကြီး၌ နဝမအကြိမ်မြောက် ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မိုးညှင်း    ၁၂ နိုဝင်ဘာ

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ နန့်ပုတ်ကျေးရွာတွင်တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင် စေတီတော်ကြီး၏ နဝမအကြိမ်မြောက် ဆီမီးတစ်သောင်းထွန်းညှိပူဇော်ပွဲကို နိုဝင်ဘာ ၁၁ရက် ညနေ ၅ နာရီတွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းနှင့်တာဝန်ရှိသူများက ဆီမီး တစ်သောင်း ထွန်းညှိပူဇော်ပွဲ တက်ရောက်လာကြသည့် ရှမ်းမျိုးနွယ်စုများဖြစ်သည့် တိုင်းလုံ၊ တိုင်းခန္တီး၊ တိုင်းလိုင် (သျှမ်းနီ) ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို လှည့်လည် ကြည့်ရှုပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီးနောက် ဆီမီးတစ်သောင်းကို တက်ရောက် လာကြသူများနှင့်အတူ ထွန်းညှိပူဇော်၍ နန့်ပုတ် ကျောင်းထိုင် ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

 

ယခုကျင်းပသည့် ဆီးမီးတစ်သောင်းထွန်းညှိပူဇော်ပွဲကို မေတ္တာရှင်လူမှုကူညီရေးအသင်း၏ ဦးဆောင်မှုနှင့် အတူ နန့်ပုန်ကျေးရွာမှ ရပ်မိရပ်ဖများ၊ စေတနာရှင်အလှူရှင်များ၊ ကျေးရွာအတွင်းမှ ဒေသခံ ပြည်သူများ၏ စုပေါင်းလုပ်အားဒါနဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ပွဲတော်အတွင်း စတုဒိသာကျွေးမွေးခြင်း၊ ဆေးဖက်ဝင် မယ်ဇလီဖူးသုပ်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)