ရွှေစည်းခုံ စေတီတော် အကြိမ် (၉၆၀)မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ်လုံးနှင့် စာရေးတံမဲ လောင်းလှူပူဇော်ပွဲကျင်းပ

ညောင်ဦး  ၁၂ နိုဝင်ဘာ

 

မဟာရာဇသီရိ အနိရုဒ္ဓဒေဝ အနော်ရထာမင်းတရားကြီးနှင့် သီရိတြိဘဝနာဒိတျဓမ္မရာဇ ကျန် စစ်သား မင်းကြီးတို့ တည်ထားကိုးကွယ်ခဲ့သည့်အံ့ဖွယ်ကိုးစုံရွှေစည်းခုံစေတီတော်၏ အကြိမ် (၉၆၀) မြောက် ဆွမ်းသပိတ်လုံးနှင့်စာရေးတံမဲလောင်းလှူပူဇော်ပွဲအား နိုဝင်ဘာ ၁၁ရက် (တန်ဆောင် မုန်းလ ပြည့်နေ့)နံနက် ၇နာရီမှစတင်ကာ စေတီတော်ကြီးအရှေ့တောင်ထောင့် ရင်ပြင်တော်ပေါ်တွင် လောင်းလှူပူဇော်ခဲ့ကြောင်း ရွှေစည်းခုံဘုရား ဂေါပက ဒုတိယ ဥက္ကဌ(၁)၊ဦးဝင်းမောင်မြင့် မှပြောပြ ၍သိရသည်။

 

အဆိုပါ ရွှေစည်းခုံးဘုရားကြီး၏ အကြိမ်(၉၆၀)မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ်နှင့် စာရေးတံမဲ လောင်းလှူပူဇော်ခြင်းအား ပင့်သာဃာ ၆၄၄ ပါးနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် သို့ ဘုရားဖူးလာရောက်သည့် အာဂန္တု သံဃာတော် အပါး ၉၂၀ အား ဆွမ်းသပိတ်လုံးနှင့် စာရေးတံ လောင်းလှူပူဇော်ခဲ့ပြီး ပင့်သံဃာ ၆၄၄ အား တစ်ပါးလျှင်ဆွမ်းသပိတ်လုံး သုံးလုံး လောင်းလှူရာ ဆွမ်းသပိတ်လုံး ၁၉၃၂လုံး လောင်းလှူပြီး အာဂန္တု သံဃာတော် ၉၂၀ ပါးအား သံဃာတစ်ပါးလျှင် ဆွမ်းသပိတ်လုံး တစ်လုံးစီကပ်လှူပူဇော်ကြကြောင်း ရွှေစည်းခုံဘုရား ဂေါပက ဥက္ကဌ ဦးကျော်မြင့်ကပြောပြ ၍သိသည်။

 

ရွှေစည်းခုံ ဘုရားပွဲတော်သည် တန်ဆောင်တိုင်ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်ကာ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး လာရောက်ကြသည့် ဧည့်သည်များမှလည်း ဆွမ်းသပိတ်လုံးလောင်းလှူပွဲတွင် နိုင်သ လောက် ဝင်ရောက်လောင်းလှူကြကြောင်းနှင့် ရပ်ကွက်ကျေးရွာများမှ လှူမှုရေး အသင်း အဖွဲ့များနှင့် ဌာနဆိုင်ရာများမှလည်း သီးခြားလောင်းလှူကြသေးကြောင်း သိရသည်။

 

သီးခြားငွေပဒေသာပင် ၁၅ခု အား စာရေးတံမဲဖောက်ကပ်လှူကြပြီး ဆွမ်းသပိတ်လုံးလောင်းလှူ ပူဇော်ပွဲသို့ ရွှေစည်းခုံဘုရားရှိ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ညောင်ဦးတပ်နယ်မှ အရာရှိစစ်သည်များ ကူညီပါဝင်ကုသိုလ်ယူလုပ်ကိုင်ပေးကြကြောင်းနှင့် ညဦးပိုင်းတွင် ဆီမီးငါးထောင်ထွန်းညှိ ပူဇော်ခဲ့ကြောင်း ရွှေစည်းခုံးဂေါပကအဖွဲ့ထံကသိရကာ တန်ဆောင်မုန်း လပြည့်နေ့က ရွှေစည်းခုံဘုရားကြီးသို့ လူပေါင်းရှစ်သောင်းကျော် ဝင်ရောက် ဖူးမြော်ကြကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)