ရေဘေးအန္တရာယ် အသိပညာပေးခြင်း၊ ကူညီကယ်ဆယ်ရေး လေ့ကျင့်သရုပ်ပြခြင်းနှင့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ကြက်ခြေနီမှ ပူးပေါင်းဆောင်ရွက်

ရန်ကုန် ၁၃ သြဂုတ် 

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းကာ အကူအညီ လိုအပ်သူများအား ကူညီဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေး လက်တွေ့လေ့ကျင့် သရုပ်ပြခြင်းများနှင့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၂ ရက်က ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ မိုးကောင်းမြို့နယ် ကြက်ခြေနီတပ်ခွဲမှူး ဦးတိုးဇော်ဝင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် နန့်ရင်းရပ်ကွက်တွင် ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် သတိပြုနေထိုင်ရမည့်အချက်များကို လှုံ့ဆော်ခြင်း၊ ကယ်ဆယ်ရေးသဏ္ဍန်တူ လေ့ကျင့်သရုပ်ပြခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ 
ထို့အတူ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်  ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် တီးတိန်မြို့ရှိ သတ္တမနေ့အသင်းတော် အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မျက်နှာအကာ(၅၀)၊ နှာခေါင်းစည်း (၁၅၀)၊ အပူချိန်တိုင်းတာစက် (၂)ခုတို့ကို လှူဒါန်းခဲ့ပြီး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ 

 

အလားတူ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း၊ လက်အိတ်၊ လက်သန့်ဆေးရည်များကို  ပေါက်တောမြို့နယ်လုံးဆိုင်ရာ သွေးလှူရှင်များ အသင်းရုံးသို့ သွားရောက်လှူဒါန်းခဲ့ကြသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်ခွဲသို့ လာရောက်သည့် တောင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ သိကောင်းစရာတို့ကို ဆွေးနွေးခဲ့ကြသည်။

 

အလားတူ မွန်ပြည်နယ် မုဒုံမြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ကော့ပရံစံပြကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ရေစည်၊ ရေကန်များတွင် အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အသိပညာပေး‌ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

 

အသင်းဌာနချုပ်အနေဖြင့်လည်း တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီများနှင့် စဉ်ဆက်မပြတ် ချိတ်ဆက်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင် အသုံးပြုရန်အတွက် အကာအကွယ်ပစ္စည်းများ၊ ပညာပေးအထောက်အကူပြု ပစ္စည်းများ၊  သဘာဝဘေးအန္တရာယ်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးပို့လျက်ရှိကြောင်း သိရသည်။

 

ဝင်းအောင် (MRCS)