ရာသီအလိုက် အကျိုးအမြတ် ဖန်တီးပေးနိုင်သော ခဝဲစိုက်ပျိုးခြင်းလုပ်ငန်း 

စဉ့်ကိုင် ၂၆ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ယာစိုက်တောင်သူများမှာ ရေမရှား၊ မြေမနား လူမအားစနစ်ကိုအတိုင်း ရာသီအလိုက် သီးနှံများစိုက်ပျိုးကာ ဝင်ငွေစီးကြောင်းတစ်ခု ဖန်တီးလျက်ရှိရာ ရာသီအလိုက် ခဝဲစိုက်တောင်သူများ ဝင်ငွေရွှင်လျက်ရှိကြောင်း သိရသည်။

လက်ရှိကာလ ရာသီပေါ်သီးနှံခဝဲစိုက်ခင်းများ စိုက်ပျိုးရာတွင် အရည်အသွေးပြည့်မီသည့် သီးနှံရရှိရေးနှင့် ဈေးကောင်းရရှိရေးအတွက် စင်တင်စိုက်ပျိုးသည့် စနစ်ကို အားထားစိုက်ပျိုးလာသည်။ ခဝဲသီးများကို မေလ ဒုတိယအပတ်မှ စတင်ခူးဆွတ်ခဲ့ပြီး အဖွင့်ဈေး (ဖောက်သည်ဈေး) ငွေကျပ် ၈၀၀ ဖြင့် စတင်ခဲ့သည်။ လက်ရှိကာလတွင် ခဝဲသီး လှိုင်လှိုင်ပေးလျက်ရှိပြီး တစ်ပိဿာ ငွေကျပ် (၇၅၀)ကျပ်ဖြင့် ဖောက်သည်ပေးရသည်။ ခဝဲတစ်ဧက စိုက်ပျိုးပါက တစ်ရက်ခြားခူးဆွတ်ပေးရပြီး တစ်ကြိမ်ခူးပါက ပိဿာ ၂၀၀ ကျော်အထိ ရရှိသည်။

ခဝဲစိုက်ပျိုးရာတွင် အရည်အသွေးပြည့်မီစေရန်အတွက် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ဝယ်ယူစိုက်ပျိုးကြသည်။ ခဝဲမျိုးစေ့တစ်ထုတ်လျှင်  ငွေကျပ် ၆၅၀၀ ပေးရပြီး တစ်ဧကလျှင် မျိုးစေ့ထုတ် ရှစ်ထုတ်ခန့် စိုက်ပျိုးကြသည်။ ခဝဲတစ်ဧကလျှင် စင်တင်သည့် ဝါးအပါအဝင် စိုက်ပျိုးစားရိတ် ငွေကျပ် ၉ သိန်းနီးပါး ကုန်ကျပြီး သီးနှံတစ်ရာသီပြီးပါက တစ်ဧကလျှင် ငွေကျပ်သိန်း ၃၀ ကျော် အထိရရှိသည်။ ခဝဲသီးနှံစိုက်ပျိုးခြင်းသည် အရှုံးမရှိသည့်အတွက် နှစ်စဉ်စိုက်ပျိုးကြောင်း စဉ့်ကိုင်မြို့နယ်  ဧည့်ပြမက္ခရာမှ ခဝဲစိုက်တောင်သူ ဦးမင်းမင်းထံမှ သိရသည်။

တိမ်တမန်