ပုဏ္ဏားကျွန်း ဦးရာဇ်မင်္ဂလာတံတား ကုန်တင်သင်္ဘော(ဇက်)ဖြင့် ငြိစွန်း၍ပျက်စီး

mdn

ပုဏ္ဏားကျွန်း ၂၀ အောက်တိုဘာ

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှ ဦးရာဇ်တော်ဘုရားသို့သွားသည့် ဦးရာဇ်မင်္ဂလာကြိုးတံတားမှာ ယနေ့နံနက်ပိုင်းက ကုန်တင်သင်္ဘော(ဇက်)ဖြင့် ငြိစွန်းကာ ပျက်စီးသွားကြောင်း ဦးရာဇ်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

 

ဦးရာဇ်တော်ဘုရား ကမ်းခြေတွင်ရပ်နားထားသော ကုန်တင်သင်္ဘော(ဇက်)မှာ ဒီရေတက်ချိန်တွင် ကြိုးပြတ်မျောပါလာပြီး တံတားနှင့်ငြိစွန်းကာ တံတားမှာ ကြိုးတစ်ပင်ပြုတ်ထွက်၍ တံတားကြမ်းခင်း အောက်ခံသစ်သားများ ကျိုးပျက်သွားသည့်အတွက် တံတားဖြတ်သန်းမှုကို ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။

 

“တံတားကိုတော့ ခေတ္တပိတ်ထားပါတယ်။ အင်ဂျင်နီယာတွေနဲ့ပေါင်းပြီး အမြန်ဆုံး လုပ်ဆောင်ပေးသွားမယ်။ အခုလောလောဆယ် ခရီးသည်နဲ့ ဘုရားဖူးဧည့်သည်တွေကို စက်လှေနှစ်စီးနဲ့ အသွား/အပြန် ပို့ဆောင်ပေးနေပါတယ်” ဟု ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ကျော်အေးက ပြောသည်။

 

အဆိုပါကြိုးတံတားကို ဘုရားဖူးခရီးသည်များနှင့်  နတ်ဆိပ်၊ မင်းဂံ၊ ကျွဲထိုးနှင့် ကျော်ဇံကျေးရွာများမှ ဒေသခံများ ပုဏ္ဏားကျွန်းမြို့ပေါ်သို့ ဈေးရောင်း၊ ဈေးဝယ် အသုံးပြုသွားလာနေရသည့် တံတားဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

mdn