ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ် လျှော့ကျစေရေးအတွက် ယခုနှစ် မိုးရာသီတွင် ပျိုးပင်ပေါင်း ၃၅၀၀၀ ဖြန့်ဝေစိုက်ပျိူးသွားမည်

ဟင်္သာတ  ၁၅  မေ

 

ဟင်္သာတမြို့နယ် သစ်တောဦးစီးဌာနက ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်လျော့ကျစေရေး တို့အတွက် ယခုနှစ် မိုးရာသီတွင် ပျိုးပင်ပေါင်း ၃၅၀၀၀ ဖြန့်ဝေ စိုက်ပျိူးသွားမည်ဖြစ် ကြောင်းသိရှိရသည်။

 

အဆိုပါပျိုးပင်များကို မေလ‌ စတုတ္ထပတ်က စတင်ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကတစ်ဆင့် စိုက်ပျိုးမည့် ပြည်သူများကို အသိပေးအကြောင်းကြား၍ နီးစပ်ရာပျိုးခြံများမှ ဖြန့်ဝေ‌ပေးသွားပြီး သစ်တော‌တာဝန်ခံ ဝန်ထမ်းများ က မှတ်တမ်းရယူခြင်းနှင့် ရှင်သန်အောင်စိုက်ပျိုးနိုင်ရေးအတွက်ကို ကြပ်မတ်ဆောင်ရွက်ပေးသွားမည် ဖြစ်‌ကြောင်းသိရသည်။

 

 

“ကုန်းမြင့်ဒေသနှင့် မြေနိမ့်ဒေသများတွင် လေနဲ့ရေ တိုက်စားမှုမှ ကာကွယ်ရန်အတွက် ကတ္တီပါမြက်၊ သိုက်ဝါးနှင့် ဝါးဘိုးဝါးစသည့် စိုက်ပျိုးလို့ရသည့် အပင်‌များကို သီးခြား ထပ်မံပျိုးထားကြောင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် အောက်စီဂျင် ထုတ်လွှတ်ပေးနိုင်ဘို့ ရည်ရွယ်ပြီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း” မြို့နယ်သစ်‌တော ဦးစီးအရာရှိ ဦးလှခိုင် ထံကသိရသည်။

 

 

ဟင်္သာတမြို့နယ် သစ်တောဦးစီးဌာနက ကျွန်းပင် (၇၁၀၀)၊ ပျဉ်းကတိုး(၃၁၀၀)၊ မန်ဂျန်ရှား(၁၅၅၀၀)၊  မဟော် ဂနီ(၅၁၀၀)၊ ယူကလစ်(၂၁၀၀)၊ စိန်ပန်းကြီး(၃၀၀)၊ စိန်ပန်းကလေး(၃၀၀)နှင့် ငုစပ်(၄၀၀)ပင်တို့ကို မြို့မ(၁)၊ မြို့မ(၂)နှင့် တလုတ္ထော် စသည့် ပျိူးဥယျာဉ်ခြံ ၃ နေရာတွင် ပျိုးထောင်ထား‌ကြောင်း သိရှိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)