ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ တက်ရောက်

နေပြည်တော်  ၁၅   ဒီဇင်ဘာ 

မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့ရှိ စက်မှုဇုန်(၁) ကနောင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက NSSA အနေဖြင့် မန္တလေးတိုင်း ဒေသကြီးအတွင်း စစ်ဆေးအကဲဖြတ်ရေးဌာန ၄၀ ကို အသိအမှတ်ပြုထားပြီး အထည်ချုပ်၊ လျှပ်စစ်၊ ဂဟေ၊ အုတ်စီ၊ အသေးစားစက်ပြင်၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးနှင့် လေအေးပေးစက် ပြုပြင်တပ်ဆင်အလုပ်အကိုင်များ အပါအဝင် အလုပ်အကိုင် (၁၈) မျိုးမှ ကျွမ်းကျင်လုပ်သား ၃၇၄၉ ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ကြောင်း၊ ယနေ့ခေတ်သည် Globalization ဖြစ်၍ နည်းပညာတီထွင်ဆန်းသစ်မှုများ နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်နေခြင်းကြောင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တီထွင်ဆန်းသစ်မှုများကို အမီလိုက်နိုင်ရေး ပညာရေးသာမက သက်မွေးပညာကျွမ်းကျင်မှုများပါ အရေးပါလာကြောင်း၊ ပညာရေးဝန်ကြီးဌာန အပါအဝင် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကသက်မွေးပညာ သင်တန်း ကျောင်းများ၌ NSSA ကျွမ်းကျင်မှု “စံ”အခြေပြု သင်ရိုးညွှန်းတမ်းများရေးဆွဲပြီး သင်ကြားပို့ချနိုင်ရေး၊ ခေတ်မီစက်များကို ကိုင်တွယ်အသုံးပြုနိုင်မည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ မိရိုးဖလာလက်ငုတ်လက်ရင်းလုပ်ငန်းများဖြစ်သော စက်ရက်ကန်းနှင့် လက်ရက်ကန်းလုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ၊ အစိုးရအထည်ချုပ် စက်ရုံများ၊ ပုဂ္ဂလိကအထည်ချုပ်စက်ရုံများ၊ အခြားလူသုံးကုန်ပစ္စည်းထုတ်စက်ရုံများ၊ စက် ပစ္စည်းထုတ်စက်ရုံများ၊ အစိုးရတက္ကသိုလ်၊ ကောလိပ်များ၊ အစိုးရ၊ ပုဂ္ဂလိက အသက်မွေးဝမ်း ကျောင်းပညာသင်တန်းကျောင်းများ အများအပြားရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလုပ် ရှာဖွေသူများ အလုပ်အကိုင်ရရှိရေး၊ အလုပ်ရှင်များ လုပ်ငန်းခွင်လိုအပ်ချက်နှင့်အညီ ကျွမ်းကျင်လုပ်သားများရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်ငန်းများနှင့် လုပ်သားဈေးကွက်အရ ကျွမ်းကျင်လုပ်သားအများဆုံး လိုအပ်သော လုပ်ငန်းများတွင် အထောက်အပံ့ဖြစ်ရေး လုပ်ငန်းခွင်နှင့် လုပ်ငန်းခွင်ပြင်ပရှိ ကျွမ်းကျင်လုပ်သားများကို  ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ရရှိနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးနှင့် အထက်မြန်မာပြည်ရှိ ကျွမ်းကျင်လုပ်သားများအား ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း စစ်ဆေးခဲ့သည့် အလုပ်အကိုင် ၁၂ မျိုးမှ အရည်အချင်းပြည့်မီသူ လုပ်သား ၅၈၉ ဦးကို အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ခြင်းနှင့် Assessor ၅ ဦး တို့ကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ကြသည်။

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည် စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ် စတင်ခဲ့သည့် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ အလုပ်အကိုင် ၂၃ မျိုးမှ အမျိုးသားအဆင့် ကျွမ်းကျင်မှုအဆင့်(၁) ၁၃၂၄၀ နှင့် ကျွမ်းကျင်မှုအဆင့်(၂) ၁၀၅၉ ဦး စုစုပေါင်းလုပ်သား ၁၄၂၉၉ ဦးကို အရည်အချင်း ပြည့်မီကြောင်း စစ်ဆေးအကဲဖြတ်ပေးနိုင်ခဲ့သည်။

ထို့ပြင် NSSA မှ ရေးဆွဲသတ်မှတ်ထားသော ကျွမ်းကျင်မှု “စံ”များတွင် မန္တလေးတိုင်းဒေသကြီး၏ မိရိုးဖလာ ရိုးရာအမွေအနှစ် အလုပ်အကိုင်များဖြစ်သော ပန်းဆယ်မျိုးအနက် ယွန်းလုပ်ငန်းဆိုင်ရာ သားရိုးပန်းကြွ၊ ရွှေဇဝါ၊ ကညစ်၊ သစ်အဖြူထည်၊ အနက်ထည် နှင့် ဝါးခွေထည် အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှု“စံ”အဆင့်(၁)နှင့် ရက်ကန်းလုပ်ငန်းဆိုင်ရာ စက်ရက်ကန်း၊ လက်ရက်ကန်းနှင့်  ရိုးရာအချိတ်ရက်ကန်း အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှု“စံ”အဆင့်(၁)တို့ကို ရေးဆွဲသတ်မှတ်ပြီးဖြစ်၍ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ 

(သတင်းစဉ်)