ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ပဲခူးတိုင်းဒေသကြီးနှင့်  မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတား လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်  ၈ ဩဂုတ် 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်-ပြည်လမ်း အခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မက်စ်ဟိုင်းဝေးကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်သော ရန်ကုန်-ပြည်လမ်း ပြုပြင်ထိန်းသိမ်းခြင်း၊ လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပြည် - မကွေးလမ်းအပိုင်းအား ကြည့်ရှုစစ်ဆေးပြီး တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃)မှ တာဝန်ယူတည်ဆောက်နေသော ဧရာဝတီတံတား(သရက်-အောင်လံ) တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိသည်။  

 

ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင် ရှင်းလင်းဆောင်တွင်  ညွှန်ကြားရေးမှူး(မြို့ပြ) ဉီးဌေးအောင်က တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘဏ္ဍာငွေရရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေကိုလည်းကောင်း၊ ဆက်လက်၍ ဧရာဝတီမြစ်ကြောင်း ရေလမ်းကြောင်းအခြေအနေ၊ ရေလယ် လုပ်ငန်းများ ဆောင်ရွက်မည့်အစီအမံများ၊ အရည်အသွေးစမ်းသပ်ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးဆောင်ရွက်ထားရှိမှုတို့ကို Power Point ဖြင့်ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဉီးခင်မောင်ဆွေက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန်တို့ကို မှာကြားသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်လံဘက်ကမ်း လုပ်ငန်းဆောင်ရွက်ထားရှိမှုကို လည်းကောင်း ၊ Girder များ ကြိုတင်သွန်းလောင်းထားရှိမှု လည်းကောင်း  တံတားရှင်းလင်းဆောင် ရှုရပ်မှ သရက်ဘက်ကမ်းလုပ်ငန်းဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။ 

 

ဧရာဝတီတံတား (သရက်- အောင်လံ)သည်  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တွင် တည်ရှိပြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်း အောင်လံမြို့နှင့် အနောက်ဘက်ကမ်း သရက်မြို့တို့ကို ဆက်သွယ် တည်ဆောက်ထားကာ စုစုပေါင်းတံတား အရှည် (၂၂၇၂ ဒသမ ၅) မီတာ ယာဉ်သွား လမ်းအကျယ် (၈ ဒသမ ၅) မီတာ ၊ လူသွားလမ်း တစ်ဘက်လျှင် (၁)မီတာစီ ပါရှိပြီး တံတားအောက် ရေလမ်းကင်းလွတ် အကျယ်မီတာ(၁၃၀)၊ အမြင့်(၁၆) မီတာ ရှိကာ တံတားအမျိုးအစားမှာ သံမဏိသံပေါင်ခုံးတံတား အမျိုးအစားဖြစ်ပြီး တံတား၏ ခံနိုင်ဝန်မှာ AASHTO HS 25 Loading ဖြစ်သည်။

 

ယခု တည်ဆောက်နေသည့် ဧရာဝတီတံတား (သရက် - အောင်လံ) သည် ပထမအဆင့်အနေဖြင့် ဧရာဝတီမြစ် အနောက်ဘက်ကမ်း သရက်မြို့နှင့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း အောင်လံမြို့တို့ ဆက်သွယ်ထားသဖြင့် ဒေသခံပြည်သူများအနေဖြင့် သွားလာရေးလွယ်ကူအဆင်ပြေစေမှာဖြစ်သလို နောင်တစ်ချိန်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ သရက် ၊ အောင်လံ ၊ နေပြည်တော်ကို ဖြတ်၍ ရွှေလီအထိ ဆက်သွယ်နိုင်သော စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ အရေးပါသော တံတားတစ်စင်းအဖြစ် တွေ့မြင်ရမည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်