ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် မကွေးတိုင်းဒေသကြီးရှိ ဒေသခံတိုင်းရင်းသားများနှင့်တွေ့ဆုံ

နေပြည်တော်  ၁၅   ဒီဇင်ဘာ 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည်   ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင်  မကွေးတိုင်းဒေသကြီး မကွေးမြို့ မင်းကံကြီးရပ်ကွက်ရှိ တိုင်းဒေသကြီး ညွှန်ကြားရေးမှူရုံး တည်ဆောက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ရုံးအဆောက်အအုံ ဆောက်လုပ်ရန်  ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ရရှိပြီးဖြစ်၍ ရုံးအဆောက်အအုံ ဆောက်လုပ်ရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်  တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အပ်နှံထားပြီးဖြစ်ကြောင်း၊  တည်ဆောက်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးအောင် ညှိနှိုင်း ဆောင်ရွက်သွားရန်၊ ဒေသနှင့်ကိုက်ညီသော အခင်းအကျင်းများ၊ ပတ်ဝန်းကျင်မြေပြင်အခြေ အနေ နှင့်အညီ ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၌ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးကို ပေ (၆၀ x ၈၀)    သံကူကွန်ကရစ်    ၂ ထပ် အဆောက်အအုံ တည်ဆောက်ခြင်း အပါအဝင် ခြံစည်းရိုးကာရံခြင်း၊ အဝင်ဂိတ်တံခါး ပြုလုပ် ခြင်း၊ ကွန်ကရစ်အဝင်လမ်းခင်းခြင်း၊ ကားပါကင်ခင်းခြင်း၊ ပြင်ပရေသွယ်တန်းခြင်းနှင့် ပြင်ပ လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးရှိ ဒေသခံတိုင်းရင်းသားများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၏ ရည်ရွယ်ချက်အရ တိုင်းရင်းသားလူမျိုး အားလုံး နိုင်ငံသားအခွင့်အရေးများ ရရှိစေပြီး တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ဥပဒေ နှင့်အညီ အပြည့်အဝ ရရှိခံစားနိုင်ရေး အပါအဝင် တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းနှင့် လူမျိုး မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ မည်သည့် ဒေသတွင် ရောက်ရှိနေထိုင်ကြသည်ဖြစ်စေ တိုင်းရင်းသားလူမျိုးများ အချင်းချင်း နားလည်မှုချစ်ခင်မှု အပြန်အလှန် ရိုင်းပင်းကူညီမှုရှိမှသာ ထာဝစဉ်ငြိမ်းချမ်းသည့့်် ဟန်ချက် ညီသော ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး တက်ရောက်လာကြသူများက တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် လူမျိုး မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။

မကွေးတိုင်းဒေသကြီးတွင် အရှို၊ ဥ(ပ်)ပူး၊ ဒိုင်ရင်ဒူး၊ ချိုးနှင့် ဟားခါး ချင်းတိုင်းရင်း သားများနေထိုင်ကြပြီး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ (၂၀)ကျော်ရှိကြောင်း သိရသည်။ 

(သတင်းစဉ်)