ပခုက္ကူမြို့နယ်အတွင်း ကျေးရွာ ရှစ်ရွာကို သောက်သုံးရေရရှိရေး ဆောင်ရွက်သွားမည်

ပခုက္ကူ   ၁၂   နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေး အတွက် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာရှစ်ရွာ၌ သောက်သုံးရေ ရရှိရေး လုပ်ငန်းရှစ်ခု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အင်းဘတ်၊ ဝါးကျွန်းတွင်း၊ မြောက်လူးကန်၊ ရွာသစ်၊ မြို့စိုး၊ ရိုးယာ၊ မကျီးသုံးပင်၊ ကျတ်ထိုး စသည့် ကျေးရွာရှစ်ရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် စက်ရေတွင်း ခြောက်တွင်း တူးဖော်ခြင်း၊ မြေသားရေကန် သုံးကန်ပြုပြင်တူးဖော်ခြင်း၊ ဂါလံ(၅၀ဝ၀)ဆံ့ အုတ်ရေကန် ခြောက်ကန် တည်ဆောက်ခြင်းနှင့် အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေ ရှိ ရေစက်ရုံခြောက်ခု တည်ဆောက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူလျက်ရှိပြီး မကြာမီ လုပ်ငန်းများစတင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်မာပြောပြချက်အရ သိရသည်။

 

ကျွန်မတို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့ ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ သောက်သုံးရေ  ရှားပါးနိုင်တဲ့ ကျေးရွာတွေကိုတော့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီတွေနဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှု မရှိစေရေး ကြိုးစားဆောင်ရွက် နေတယ်လို့ မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်မာက ဆက်လက်ပြောပြသည်။

 

ပခုက္ကူမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင်လည်း ကန်တော်ကျေးရွာ၊ မကျီးကန် ကျေးရွာ၊ အနောက် မကျီးကန်ကျေးရွာ၊ မကျီးတန်းကျေးရွာ၊ ကျွန်းချောင်းကျေးရွာစသည့် ကျေးရွာ(၅) ရွာ၌ စက်ရေတွင်းတူးဖော်ခြင်း(၅)တွင်းကို ငွေကျပ် ၁၁၀ ဒသမ ၉ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)