ဖိုးထောင်တို့ဘုံကထိန်

ဝတ္ထုတို
=====

ချစ်ညီ(ဘဝရသ)
 

သူသည် မွေးရာပါ ပိုလီယိုရောဂါသည်တစ်ဦး ဖြစ်၏။ သို့သော် ယခုရရှိထားသော ဘဝအား စိတ်ဓာတ်ကျခြင်း၊ အားငယ်ခြင်းများ သူ့မှာ ဘယ်တော့မှ မဖြစ်ပေါ်ခဲ့ပေ။ တွန်းတိုက်လာ သော လောကဓံကိုပင် သူက ကြံ့ကြံ့ခံ ရင်ဆိုင် ဖြေရှင်းသူဖြစ်သည်။ မသန်စွမ်းသူ ဘဝဆိုပေ မယ့် တတ်စွမ်းသော ပညာနှင့်ပင် မိခင် မုဆိုးမ ကြီးအား ငယ်စဉ်ကတည်းက ရိုးရိုးသားသား လုပ်ကိုင်ရှာဖွေကျွေးမွေးခဲ့သူလည်း ဖြစ်သည်။
သူ၏အမည်မှာ ဖိုးထောင်ဖြစ်သည်။ ဖိုးထောင်တတ်စွမ်းသော ပညာဆိုသည်မှာကား အရိုးအကြောအနှိပ်ပညာပင် ဖြစ်သည်။ ထိုပညာသည် ကွယ်လွန်သူ ဖခင်ကြီး ဦးဖိုး မောင်ထံမှ ဖိုးထောင်က လက်ဆင့်ကမ်း အမွေ ရရှိထားခြင်းပင်ဖြစ်သည်။ မြန်မာစကားပုံထဲ တွင် ဆရာ့ထက် တပည့်လက်စောင်းထက်ဟုဆိုသောစကားပုံရှိလေသည်။ ထိုစကားပုံသည် ဖိုးထောင်အား ရည်ညွှန်းထားခဲ့သလိုပင်။ ဖခင် ဖြစ်သူ ဦးဖိုးမောင်ထက်ပင် ဖိုးထောင်က ဆေးလိုက်၊ လက်ပိုလိုက်လေသည်။ ထို့ကြောင့် ဖိုးထောင်၏ အနှိပ်ခန်းလေးမှာ အမြဲတစေ လူပြတ်သည်ဟုပင် မရှိချေ။

ဖိုးထောင်သည် အတိတ်ဘဝ၌ မည်ကဲ့သို့ အကုသိုလ် ဝဋ်ကြွေးပါခဲ့၍ ယခုလိုဝေဒနာမျိုး ခံစားခဲ့ရသည်တော့မသိ။ ယခုဘဝတွင်တော့ ဘုရား၊ တရား၊ သံဃာ၊ ရတနာမြတ်သုံးပါးအား အလွန်ပင် ရိုသေကိုင်းရှိုင်းသူဖြစ်သည်။ သဒ္ဓါ တရားဆိုလည်း လက်မနှေးတတ်သလို ရပ်ရေး၊ ရွာရေး၊ ကုသိုလ်ရေးဆိုပါကလည်း တတ်စွမ်းသည့်ဘက်က အားတက်သရော နိုင်ရာတာဝန်ထမ်းဆောင်သူလည်း ဖြစ်သည်။
ဒီလိုနှင့် သီတင်းဝါလကျွတ်ပြီး ကထိန်ခင်း ကာလကို ရောက်ရှိလာလေ၏။ ထို့ကြောင့် အရပ်ထဲရှိကာလသားများသည် နိုင်ရာတာဝန် ကို တတ်နိုင်သလောက် ခွဲဝေယူကြလေသည်။ ထိုအထဲတွင် ဖိုးထောင်လည်း တာဝန်တစ်ခုယူ လေသည်။ ဖိုးထောင်က ပဒေသာပင်တွင် ပိုက်ဆံများ အလှဆင်ခေါက်ရာတွင် ကျွမ်းကျင် သူဖြစ်သည်။ ထို့ကြောင့် ပဒေသာပင်၌ သီးရန် ပုံစံအမျိုးမျိုးအား နှစ်စဉ်ဖိုးထောင်က တာဝန် ယူလေသည်။ 
ကထိန်ခင်းရန် တစ်ရက်အလိုတွင် ဖိုးထောင်၏ အနှိပ်ခန်းလေးမှာ လူကျနေသဖြင့် ည ၈ နာရီလောက်မှပင် ရပ်ကွက်ပဒေသာပင် မဏ္ဍပ်သို့ ဖိုးထောင်ရောက်လာ၏။ ယခင်ကဆို ထိုအချိန်သည် မဏ္ဍပ်ထဲလူမပြတ် အမြဲစည်ကား နေလေ၏။ ထိုနေ့ညကတော့ မန်ယူနဲ့အာဆင် နယ် ဘောလုံးပွဲက ကာလသားများအား မြှူဆွယ်သွားလေသည်။ ဖိုးထောင်လည်း ဘောလုံးပွဲ အလွန်ကြိုက်သူပင်ဖြစ်သည်။ သို့သော်လည်း မနက်ခင်းမည့်ကထိန်တွင် ပဒေသာပင်၌သီးရန် ပိုက်ဆံများခေါက်ရန် ကျန်ရှိနေသဖြင့် လိုက်၍ မသွားခြင်းပင်ဖြစ် သည်။

ထို့ကြောင့် မဏ္ဍပ်ထဲ ဖိုးထောင် တစ်ယောက်ထဲသာလျှင် ကျန်ရစ်ခဲ့လေသည်။
ရာသီဥတုကလည်း ဆောင်းဦးအကြိုမို့ လားမသိ လေပြည်လေညင်းလေးများက ချမ်းစိမ့်စိမ့်နှင့် တစ်ဆထက်တစ်ဆ ပိုပိုအေး လာလေသည်။ ထို့ကြောင့် မဏ္ဍပ်၌ ကျယ်လောင် စွာ ဖွင့်ထားလျက်ရှိသော သီချင်းသံမှာ ပတ်ဝန်းကျင်တစ်ခုလုံးအား စိုးမိုးထားခဲ့လေ သည်။
ထိုစဉ် ပဒေသာပင်မဏ္ဍပ်အတွင်းသို့ ရပ်ကွက်ထဲက ထိုက်ဦးဆိုသော လူငယ်တစ်ဦး ရောက်လာကာ-

"ကိုကြီးဖိုးထောင် တစ်ယောက်တည်း လားဗျ"
"ဟုတ်တယ်ညီရေ၊ ဘောလုံးပွဲကောင်း တယ်ဆိုလို့ အားလုံးဘောလုံးပွဲသွားကြည့်ကြ တယ်ကွ၊ အစ်ကိုတစ်ယောက်တည်းပဲကျန်ခဲ့ တယ်"
ထိုအခါ ထိုက်ဦးက ပတ်ဝန်းကျင်အား တစ်ချက်အကဲခတ်လိုက်ပြီး-
"ဒါဆို အဆင်သင့်တာပေါ့ ကိုဖိုးထောင်ရဲ့၊ အခုခေါက်နေတဲ့ ပိုက်ဆံတွေကို ကျွန်တော့်ကို ပေးလိုက်ပေါ့ဗျာ"
''ဟေ့ကောင်ထိုက်ဦး၊ နောက်စရာ သိပ်ရှားနေလား၊ သွားကွာ မကူချင်ရင်နေ လာမနှောင့်ယှက်နဲ့"
ထိုက်ဦးသည် ဖိုးထောင်၏စကားမဆုံးခင် အနားသို့ ရုတ်တရက် တိုးကပ်သွား၍ ဖိုးထောင် အား အနောက်ကနေသိုင်းဖက်ကာ အသင့် ဝှက်ယူဆောင်လာသော ဓားဖြင့် ရင်ဝအား ထောက်လျက်- 
"ပေးစရာရှိတာ အေးအေးဆေးဆေးပေး စမ်းပါ ကိုဖိုးထောင်ရာ၊ အသားမနာချင်စမ်းပါနဲ့"
ထိုအခါဖိုးထောင်က-

"မပေးဘူးကွာ မပေးဘူး " ဟု ဆိုလေရာ ထိုက်ဦးသည် ဖိုးထောင်၏ ရင်ဝအား ဓားဖြင့် နှစ်ချက်သုံးချက်ဆင့်၍ ထိုးလိုက်လေသည်။ ဖိုးထောင်သည် ဓားဖြင့်အထိုးခံရချင်းပင် ထိုက်ဦးအား ပြန်လည်လုံးထွေး၍ အကြော ပညာရှင်ပီပီ မေ့ကြောအား လက်ဖြင့် လျင်မြန် စွာ နှိပ်လိုက်လေသည်။ ထိုအခါ ထိုက်ဦးသည် ချက်ချင်းပင် အရုပ်ကြိုးပြတ် သတိလစ် မေ့မြောသွားလေတော့သည်။

ထို့နောက် ပတ်ဝန်းကျင်အား ဖိုးထောင် အော်ဟစ်၍ အကူအညီတောင်းလေသည်။ သို့သော် ဆူညံလွန်းသော လော်စပီကာအသံ ကို ဖိုးထောင်၏အသံမှာ မကျော်လွှားနိုင်ခဲ့ပေ။ 
ထို့နောက် ဖိုးထောင်သည် လဲကျသော နေရာ၌ပင် မထနိုင်တော့ဘဲ အရာဝတ္ထုတစ်ခု အားငေးကြည့်ရင်း သေဆုံးသွားခဲ့လေသည်။ ဘောလုံးပွဲပြီး၍ မဏ္ဍပ်သို့ ကျွန်တော်ပြန် ရောက်လာသောအခါ သေဆုံးနေသော ဖိုးထောင်နှင့် သတိလစ်မေ့မြောနေသော ထိုက်ဦး အား တွေ့ပြီး လူအများနားမလည်နိုင် အဖြေရှာ မရဖြစ်ကာ သက်ဆိုင်ရာသို့ အကြောင်းကြား ခဲ့လေတော့သည်။ 
ထို့နောက် သတိလစ်မေ့မြောနေသော ထိုက်ဦးအား တာဝန်ရှိသူများက သတိရအောင် ပြုလုပ်ပြီး စစ်ဆေးသောအခါမှ ဖြစ်ကြောင်း ကုန်စင်အား သိကြလေတော့သည်။ ထိုက်ဦး သည် ဆေးစွဲနေသော လူငယ်တစ်ဦးဖြစ်၏။ ယခုဖြစ်စဉ်မှာ ဆေးဖိုးပြတ်ကာ ယင်းထလာ သည့်အတွက် မခံစားနိုင်သည့် အဆုံး၊ ကြံရာ မရသည့်အဆုံး ဤကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ် သည်ဟု ဝန်ခံခဲ့လေသည်။
ထိုအချိန်မှစ၍ ကျွန်တော်တို့ရပ်ကွက် ဘုံကထိန်သည် ဖိုးထောင် နောက်ဆုံးအနေဖြင့် ငေးကြည့်ခဲ့သော အသံချဲ့စက် လော်စပီကာ များအား အသုံးမပြုခဲ့သည်မှာ ယနေ့ထိတိုင်ပင် ဖြစ်ပါလေတော့သည်။ ။

ကြေးမုံ