ဖားကန့် ဝှေခါမှော်မှ မြေပြိုဘေးသင့်ပြည်သူများအတွက် လှူဒါန်းထောက်ပံ့ငွေပေါင်း ကျပ်သိန်း ၆၇၀၀ ကျော် ရရှိပြီဖြစ်

ဖားကန့် ၁၅ ဇူလိုင်

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါမှော်၌ ဇူလိုင် ၂ ရက်က မြေပြိုဘေးသင့်ခဲ့ရသည့် ပြည်သူများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုနှင့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်တို့အပါအဝင် ဖားကန့်ဒေသမှ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီများ၊ ဒေသတွင်းနှင့် မြန်မာနိုင်ငံ တစ်နံတစ်လျားမှ ပြည်သူများက  မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ မြို့နယ်ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေး လုပ်ငန်းကော်မတီသို့ ပေးပို့လှူဒါန်းငွေများ စုစုပေါင်း ငွေကျပ် ၆၇၈,၅၀၄,၀၀၀ ရရှိပြီဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်အထိ စာရင်းဇယားများအရ သိရသည်။

 

လှူဒါန်းထောက်ပံ့ရရှိငွေများနှင့် ဆန်အိတ်(၁၀၀)၊ ဆီ(၂၃၂)ပိဿာ၊ ဆား(၈၀)ပိဿာနှင့် ပဲ(၃၀၀)ပိဿာတို့တွင် ဇူလိုင် ၄ ရက်မှ ၁၄ ရက်အထိ မြေပြိုမှုဖြစ်စဉ်မှ ဆေးရုံတက်ရောက်ကုသမှု ခံယူခဲ့ရသည့် ဒဏ်ရာရရှိသူ (၄၇)ဦးကို တစ်ဦးလျှင် ငွေကျပ်ငါးသိန်းနှုန်းဖြင့် ငွေကျပ် ၂၃,၅၀၀,၀၀၀ အားလည်းကောင်း၊ မြေပြိုကျင်းထိပ်တွင် သေဆုံးသူများအတွက် ရည်စူး၍ သံဃာတော် (၁၀)ပါးနှင့် ခရစ်ယာန်ဆရာတော် (၅)ပါးတို့အား တစ်ပါးလျှင် တစ်သိန်းနှုန်းဖြင့် ကန်တော့ငွေကျပ် ၁၅ သိန်းအားလည်းကောင်း၊ သေဆုံးခဲ့သူ (၁၇၂)ဦးအနက် (၁၄၁)ဦး၏ မိသားစုဝင်များအား သေဆုံးသူတစ်ဦးအတွက် ငွေကျပ်သိန်း ၃၀ ဖြင့် ငွေကျပ် ၄၂၃,၀၀၀,၀၀၀ အားလည်းကောင်း ထောက်ပံ့ခဲ့ရာ စုစုပေါင်းငွေကျပ် ၄၄၈,၀၀၀,၀၀၀ လှူဒါန်းသုံးစွဲပြီး ကျန်ငွေ ကျပ် ၂၃၀,၅၀၄,၀၀၀ ရှိကြောင်း သိရသည်။

 

မြေပြိုဘေးမှ ရုပ်အလောင်းရရှိ သေဆုံးသူ (၁၇၂)ဦးတို့မှ ထောက်ပံ့ရန်ကျန်ရှိနေသေးသည့် (၃၁)ဦး၏ မိသားစုဝင်များလက်သို့ ထောက်ပံ့ငွေများ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အပြီးသတ် စာရင်းကျန် ရိက္ခာနှင့် ငွေကြေးများအား စနစ်တကျခွဲဝေ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ မြို့နယ်ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေး လုပ်ငန်းကော်မတီသို့ ဝှေခါမှော် မြေပြိုကျမှုဖြစ်စဉ်မှ မြေပြိုဘေးသင့် ပြည်သူများအတွက် ပေးပို့လှူဒါန်းလိုပါက မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးဝင်းကျော် ၀၉-၂၅၅၂၁၅၉၆၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှလည်း မြေပြိုဘေးမှ ဒဏ်ရာရရှိသူတစ်ဦးလျှင် ငွေကျပ်နှစ်သိန်းနှုန်း၊ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုဝင်များကို သေဆုံးသူတစ်ဦးလျှင် ငွေကျပ် ငါးသိန်းနှုန်းဖြင့် ထောက်ပံ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တာလင်းမောင်(ပြန်/ဆက်)