ဖားကန့် တောင်ပြိုမှော်ရွာ၌ အသွားအလာ ကန့်သတ်ထားမှု ဖြေလျော့ပေးရေး ဒေသခံများတောင်းဆို

mdn

ဖားကန့် ၂၇ အောက်တိုဘာ

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ တောင်ပြိုမှော်ရွာ၌ အသွားအလာ ကန့်သတ်ထားမှုအား ဖြေလျော့ပေးရန် ယနေ့ အောက်တိုဘာ ၂၇ ရက် နေ့လယ်က ဒေသခံများ တောင်းဆိုခဲ့ကြောင်း သိရသည်။

 

ဒေသခံ အယောက် ၃၀၀ ကျော်ခန့်က “တောင်ပြိုရွာ Lock Down အလိုမရှိ” ဟု အော်ဟစ်တောင်းဆိုခဲ့ကြသည်။

 

တောင်ပြိုမှော်ရွာကို အသွားအလာ ကန့်သတ်ထားမှုသည် ၄၇ ရက်ရှိပြီဖြစ်သည့်အတွက် သွားလာခွင့်ပြုရန် ရပ်မိ/ရပ်ဖများက ဒေသခံများကိုယ်စား တောင်းဆိုခဲ့ကြောင်း သိရသည်။

 

မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးတို့ ပါဝင်သည့် အဖွဲ့က ဒေသခံများ၏ အခက်အခဲနှင့် လိုအပ်မှုများကို ညှိနှိုင်းဖြေရှင်းပေးနေပြီး အသွားအလာ ကန့်သတ်ထားမှုကို ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဖြေလျော့ပေးသည့်အချိန်တွင် ‌ဖြေလျော့မှုများ ဆောင်ရွက်ပေးမည့် အခြေအနေကို ရှင်းပြခဲ့ကြသည်။

 

တောင်းဆိုသူများကမူ အသွားအလာ ကန့်သတ်မှု လုံးဝဖြုတ်ပေးရန်သာ တောင်းဆိုလျက်ရှိနေသည်။

ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိရာ တောင်ပြိုမှော်ရွာကို ကျေးရွာအစီအစဉ်ဖြင့် စက်တင်ဘာ ၉ ရက် ညပိုင်းမှ အသွားအလာကန့်သတ်ခဲ့သလို ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ စက်တင်ဘာ ၂၅ ရက်မှစတင်ပြီး ထပ်မံကန့်သတ်ခဲ့သည်။

 

ထို့နောက် ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ အောက်တိုဘာ ၃ ရက်တွင် တောင်ပြိုမှော်ရွာကို အသွားအလာ ကန့်သတ်မှုထပ်မံပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂၀ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖားကန့်မြို့နယ်ကို Stay at Home သတ်မှတ်ကြေညာခဲ့သည်။

 

တောင်ပြိုမှော်ရွာ၌ အိမ်ထောင်စု ၄၈၀ ရှိပြီး လူဦးရေ ၁၇၁၄ ဦးတို့အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လည်းကောင်း၊ အလှူရှင်များမှ လည်းကောင်း တစ်နေ့ ငွေကျပ် ၂၅ သိန်းဖိုး စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဖားကန့်၌ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၈၄ ဦးရှိပြီး တောင်ပြိုတစ်ရွာထဲမှ ၇၄ ဦးထိရှိခဲ့ကြောင်း၊ လက်ရှိတွင် သီတဂူစက္ခုဒါနဆေးရုံ၌ ၃ ဦးသာ ဆေးကုသမှုပေးလျက်ရှိပြီး ၈၁ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

တာလင်းမောင်(ပြန်/ဆက်)