ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် နေရပ်ပြန်ပြည်သူများ ထားရှိရာ facility quarantine စခန်းသို့ သွားရောက်ကြည့်ရှုအားပေး

ပဲခူး ၃၁ မေ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး၊  ပဲခူးမြို့ပြည်သူ့ဆေးရုံအုပ်ကြီး နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၂ နာရီက ပဲခူးမြို့ အသောက ဘုန်းတော်ကြီးကျောင်းရှိ နေရပ်ပြန်ပြည်သူများထားရှိရာ facility quarantine စခန်းအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသောကဘုန်းတော်ကြီးကျောင်းမှ ဆရာတော်အား ကန်တော့၍ ဘုန်းတော်ကြီးကျောင်းတွင် နေရပ်ပြန်များ ထားရှိမှုနှင့် ပတ်သက်၍ လျှောက်ထားမေးမြန်းခဲ့သည်။

 

mdn

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါနေရပ်ပြန် ပြည်သူများအား စောင့်ကြပ်ကြည့်ရှုပေးနေသော စေတနာ့ဝန်ထမ်းအဖွဲ့ကို တွေ့ဆုံကာ အားပေးစကားများပြောကြားပြီး လိုအပ်သည်များကို မိမိတို့အစိုးရအနေဖြင့် ထောက်ပံကူညီပေးရန်ရှိကြောင်းနှင့် စေတနာ့ဝန်ထမ်းများ အနေဖြင့် မိမိတို့ကျန်းမာရေးကို အထူးဂရုပြုရန်၊ ယခုကဲ့သို့ နေအိမ်သို့မပြန်ပဲ တစ်ထောင့်တစ်နေရာမှ ကိုယ်ကျိုးစွန့် ကူညီပေးနေမှုအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပေးသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ နေရပ်ပြန်ပြည်သူ ၂၄၀၀၀ ကျော် ပြန်လည် ဝင်ရောက်လာကြောင်း သိရပြီး အဆိုပါနေရပ်ပြန် ပြည်သူများအတွက် facility quarantine စောင့်ကြပ်ကြည့်ရှုပေးရန် စေတနာ့ဝန်ထမ်း ၂၃၃၂ ဦးခန့် စာရင်းရှိကြောင်း၊ ပဲခူးမြို့မှာ စောင့်ကြပ်ကြည့်ရှုပေးနေတဲ့ စေတနာ့ဝန်ထမ်းများအတွက် စားဝတ်နေရေး အထောက်အပံ့ ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ထောက်ပံကြေးငွေ ၁၃ သိန်း ကျော်ကိုလည်း မေ  ၂၉ ရက် ညနေက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရးနှင့် အရေးပေါ်ထုတ်ပြန်ရေးကော်မတီမှ ပေးအပ်ခဲ့ကြောင်း အဆိုပါကော်မတီမှ ဒုတိယ ညွှန်ကြားရေးမှူးက ပြောကြားသည်။

သတင်း ဟိန်းထက်(ပဲခူး)