ညောင်ဦးမြို့နယ်သို့ သမချေးငွေများ ကွင်းဆင်းထုတ်ချေးပေး

ညောင်ဦး  ၃  ဩဂုတ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ ပူးပေါင်း၍ COVID-19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း အခြေခံသမဝါယမအသင်းသား တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးအတွက် သွင်းအားစုချေးငွေ၊ လယ်ယာ အဆင့်မြှင့်တင်ရေးချေးငွေ၊ ကန်ထရိုက်လယ်ယာစနစ်အတွက်ချေးငွေ၊ Model ချေးငွေများအား ထုတ်ချေး ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ ထုတ်ချေးပေးလျက်ရှိရာ  (၆)လတစ်ကြိမ် (၂)နှစ်ဆပ် စနစ်ဖြင့် သွင်းအားစုချေးငွေကို အသင်းသား (၂၇၇)ဦး၏ စိုက် ဧက(၅၅၄)ဧကအတွက် ကျပ်(၁၁၀၈)သိန်းအား လည်းကောင်း၊  လယ်ယာအဆင့်မြှင့်တင်ရေး ချေးငွေကို EXIM Bank ချေးငွေဖြင့် အသင်းသား (၃၂၆)ဦး၏ စိုက်ဧက (၆၅၂)ဧကအတွက် လယ်ယာမြေ ပြုပြင်ဆောင်ရွက်ရန် ကျပ်(၁၃၀၄)သိန်းအား လည်းကောင်း၊ ကန်ထရိုက်လယ်ယာစနစ်အတွက်ချေးငွေိကို  အသင်းသား (၁၀၆၆)ဦး၏ စိုက်ဧက (၂၁၃၂)ဧကအတွက် ထုတ်ချေးငွေကျပ် (၄၂၆၄)သိန်းအား အသင်းသားများ၏ ယာမြေသီးနှံ ထွက်ရှိချိန်တွင် သွားရောက်သိမ်းဆည်းသည့် စနစ်ဖြင့်လည်းကောင်း၊ Model ချေးငွေိကို  အခြေခံသမဝါယမ အသင်း (၃)သင်း၏ ရွှေချည်ထိုးလုပ်ငန်း၊ ယွန်းထည်လုပ်ငန်းများအတွက် အဆိုပါအသင်းများမှ အသင်းသား (၂၀၂)ဦးအား ထုတ်ချေးငွေ (၁၂၅၇)သိန်းအားလည်းကောင်း ထုတ်ချေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

MDN