နှံကောင်များနှင့် ပတ်သက်၍ အသိပေးကြေညာချက်

မြန်မာနိုင်ငံတွင် လက်ရှိကျရောက်လျက်ရှိသော နှံကောင်များမှာ ဒေသခံ နှံကောင်မျိုးစိတ်များဖြစ်သည့် ကော်ဖီနှံကောင် (Coffee Locust)၊ ဦးမှင်ရှည်နံကောင် (long-horned grass hopper)၊ အရှေ့တိုင်း ရွှေ့ပြောင်းနှံကောင် (migratory locust)၊ ခြေနီနှံကောင် (red-legged locust) နှင့် လည်ချောင်းချွန်နှံကောင် (spur-throated locust) များ ဖြစ်ပါသည်။

 

အဆိုပါ နှံကောင်များမှာ ခြုံပုတ်များ၊ သစ်တောပင်များ၊ စားကျက်မြက်ခင်းများတွင် အများဆုံးတွေ့ရှိရပြီး သီးနှံပင်များတွင် ထူးခြားစွာ ကျရောက်ဖျက်ဆီးမှု မရှိကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် ဇွန်၊ ဇူလိုင်လများတွင် တိုင်းဒေသကြီး ပြည်နယ် (၁၀)ခု၏ မြို့နယ် (၃၂)မြို့နယ်ရှိ သီးနှံစိုက်ခင်းများ၌ ကျရောက်ခဲ့ရာတွင်လည်း စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်သည်အထိ သီးနှံများပျက်စီးမှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

 

ရာသီဥတုပြောင်းလဲလာခြင်း၊ သစ်တောများ ပြုန်းတီးလာခြင်း၊ သဘာဝမိတ်ဆွေ ပိုးများပျက်သုဉ်းလာခြင်း၊ ပိုးကောင်များနေထိုင်ရာ ပတ်ဝန်းကျင်တွင် လူနေအဆောက်အဦးများ ဆောက်လုပ်နေထိုင်လာခြင်း စသည်တို့ကြောင့် နှံကောင်များ နေထိုင်မှုပုံစံ ပြောင်းလဲလာရခြင်း ဖြစ်ကြောင်း သုံးသပ်ရပါသည်။

 

ရာသီဥတုပူ‌နွေးခြင်းသည် နှံကောင်များ လျင်မြန်စွာပေါက်ဖွားစေသကဲ့သို့ ယင်းတို့၏ အစားခြေဖျက်နှုန်းကိုလည်း ကောင်းစေသဖြင့် အစာပိုမိုစားသောက်သောကြောင့် အစာရှာဖွေရန် စိတ်အားထက်သန်စေပါသည်။ ယခုအခါ မိုးရာသီသို့ ကူး‌ပြောင်းလာနေပြီဖြစ်၍ ကွင်းဆင်းတွေ့ရှိချက်များအရ နှံကောင်ကျရောက်မှု လျော့နည်းလာနေကြောင်း တွေ့ရပါသည်။

 

အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန် နိုင်ငံများတွင် ကျရောက်လျက်ရှိသည့် ဖျက်အားပြင်း ကန္တာရကျိုင်း(နှံကောင်)များ၏ ဦးတည်ရာလမ်းကြောင်းမှာ မြန်မာနိုင်ငံသို့ မရောက်ရှိနိုင်တော့ကြောင်း ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (FAO) က ဖွဲ့စည်းထားသည့် ကန္တာရကျိုင်းကောင် စောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါသည်။

 

လာအိုနိုင်ငံ၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံ (ယူနမ်ပြည်နယ်) တို့တွင် ကျရောက်လျက်ရှိသော အဝါရောင် ဆူးဝါးနှံကောင်များ Yellow-spined bamboo locust မှာ မြန်မာနိုင်ငံ၌ ကျရောက်ခြင်း မရှိသေးသော်လည်း အဆိုပါဒေသများနှင့် နီးစပ်သည့် နယ်စပ်တလျောက်ရှိ မြို့နယ် ကျေးရွာ စိုက်ကွင်းများတွင် ကင်းထောက်စောင့်ကြည့်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

 

တောင်သူများအနေဖြင့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအတွက် အကူအညီ လိုအပ်ပါက နီးစပ်ရာ စိုက်ပျိုးရေး ဦးစီးဌာနရုံးများ၊ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာများရှိ ဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြပါကြောင်း အသိပေးအပ်ပါသည်။ 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန