ငြိမ်းချမ်းရေးအတွက် ကော့သောင်း-ပူတာအို မိုင်တစ်ထောင်ခရီးစဉ် တစ်ကိုယ်တော်စက်ဘီးစီးနင်းသူ မိုးကောင်းမြို့သို့ ရောက်ရှိ

မိုးကောင်း ၃  ဇန်နဝါရီ 

မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့မှ ကချင်ပြည်နယ် ပူတာအိုမြို့အထိ မိုင်ပေါင်းတစ်ထောင်ကျော် ခရီးစဉ်ကို ငြိမ်းချမ်းရေးအတွက် တစ်ကိုယ်တော်မိုင်ရှည် စက်ဘီးစီးနင်းသူ ဦးစိုးမြင့် (၇၇)နှစ်သည် ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီခွဲက မိုးကောင်းမြို့သို့ ရောက်ရှိခဲ့သည်။

" ကျွန်တော်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်ကျေးရွာမှာ နေပါတယ် အခုမြန်မာပြည်တောင်ပိုင်း ကော့သောင်းမြို့ကနေ မြန်မာပြည်မြောက်ပိုင်း ပူတာအိုမြို့အထိ မိုင်တစ်ထောင်ကျော် ခရီးကို တစ်ကိုယ်တော် စက်ဘီးစီးခဲ့တဲ့ ရည်ရွယ်ချက်ဟာဆိုရင် အသက်အရွယ် ကြီးရင့်နေသူ တစ်ယောက်က ငြိမ်းချမ်းရေးအတွက် ဆန္ဒပြင်းပြင်းနဲ့ ဒုက္ခခံပြီး ကြိုးစားနေတာကို ပြည်သူတွေ သိစေချင်လို့ရယ် တပြည်လုံးမှာ ရောက်ရှိခဲ့တဲ့ နေရာဒေသတွေအကြောင်းကို ပြည်သူလူထုတွေ သိစေချင်လို့ပါ" ဟု ပြောသည်။

ငြိမ်းချမ်းရေးအတွက် တစ်ကိုယ်တော် မိုင်ရှည်စက်ဘီးစီးနင်းသူ ဦးစိုးမြင့်သည် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှ နိုဝင်ဘာ ၄ ရက်က စတင်ထွက်ခွာလာရာ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ ကယားပြည်နယ်၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ကိုဖြတ်ကျော်ပြီး ကချင်ပြည်နယ် မိုးကောင်းမြို့သို့ ယနေ့မွန်းလွဲပိုင်းက ရောက်ရှိလာကာ မိုးကောင်းမြို့တွင်တစ်ညအိပ်စက်အနားယူပြီး ဇန်နဝါရီ ၄ ရက်တွင် မြစ်ကြီးနားမြို့မှတဆင့် ပူတာအိုမြို့အထိ တစ်ကိုယ်တော် စက်ဘီးစီးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)