"ငြိမ်းချမ်းမြေ"

စမ်းချောင်းနံဘေး၊ တဲအိမ်လေး

နတ်ရေးပန်းချီ၊ ဘယ်မမီ

လေပြည်ညင်းညင်း၊ ပန်းစုံသင်း

သင်းတယ်လေလေ့ သင်းတယ်လေ့။

နေခြည်နွေးနွေး၊ သိုင်းဖွဲ့ထွေး

ငှက်ကျေးသံစဉ်၊ ချိုလွင်လွင်

မြဲစဉ်အေးချမ်း၊ ဥယျာဉ်နန်း

လှပဝင့်ချီ၊ ဖူးပွင့်စည်

စည်တယ်လေလေ့ စည်တယ်လေ့။

မြန်မာမလေး၊ ယဉ်ယဉ်ကျေး

ပန်း‌ဈေးဆိုင်ထိုင်၊ ပြုံးပန်းလှိုင်

ကိုယ်ပိုင်ခြံထွက်၊ ရောင်းပန်းသွက်

သွက်တယ်လေလေ့ သွက်တယ်လေ့။

ဘိုးဘွားအမွေ၊ ငြိမ်းချမ်းမြေ

စည်ဝေရိပ်သန်း၊ လက်ဆင့်ကမ်း

လန်းဆန်းဝေဆာ၊ ပန်းကမ္ဘာ

သံသာဆိုတေး၊ လေချိုအေး

ထုံမွှေးသင်းကြူ၊ လှဖွဲ့ယူ

ယူတယ်လေလေ့ ယူတယ်လေ့။

ဖိုးယုန်(မကွေး)