နွေရာသီကာလ သောက်သုံးရေရှားပါးပြတ်လပ်မှု ကြုံတွေ့ပါက အကူအညီတောင်းခံနိုင်

သရက်  ၁၇   ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်ဖြစ်သော သရက်၊ ကံမ၊ မင်းတုန်း၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ အောင်လံမြို့နယ်တို့ရှိ ကျေးရွာများတွင် နွေရာသီကာလ သောက်သုံးရေရှားပါးပြတ် လပ်မှုဖြစ်ပေါ်လာပါက ခရိုင်နှင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများထံနှင့် အောက်ဖော်ပြပါ တယ်လီဖုန်းနံပါတ်များထံသို့ ဆက်သွယ်၍ဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ အကြောင်းကြား အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

 

သရက်ခရိုင်အတွင်း ကျေးရွာပေါင်း (၁၀၂၈)ရွာရှိပြီး သရက်မြို့နယ်တွင် (၁၅၈)ရွာ၊ ကံမမြို့နယ် တွင် (၁၅၄)ရွာ၊ မင်းတုန်းမြို့နယ်တွင် (၁၇၄)ရွာ၊ မင်းလှမြို့နယ်တွင် (၁၅၃)ရွာ၊ ဆင်ပေါင်ဝဲမြို့နယ်တွင် (၁၄၂)ရွာနှင့် အောင်လံမြို့နယ်တွင် (၂၄၇)ရွာဖြစ်ကာ “ ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့ ကျေးရွာအတွင်းရှိ ရေအရင်းအမြစ်များမှ နွေရာသီကာလတွင် သောက်သုံးရေပြတ်လပ်နိုင်မှု အခြေအနေဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းမိပါက ကြိုတင်အကြောင်းကြားနိုင်ကြောင်း၊ နွေရာသီကာလသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သည့်အတွက် ခရိုင်အတွင်း ဘယ်ကျေးရွာမဆို သောက်သုံးရေရှားပါး ပြတ်လပ်မှုဖြစ်ပေါ်လာပါက ခရိုင်နှင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ အချိန်အခါမရွေး ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်းနှင့် အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိပါတယ်” လို့ သရက်ခရိုင်ဦးစီးမှူး ဦးတိုးကြည် (ဒုတိယညွှန်ကြားရေးမှူး) က ပြောပြသည်။

 

ဆုဝေထွန်း(သရက်)