နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များအား တောင်သူများ လက်ဝယ်အရောက် ပေးအပ်

နေပြည်တော် ၁၃ ဩဂုတ်

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ယနေ့နံနက် ၈ နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ တောင်သူများလက်ဝယ်အရောက် ပုံစံ(၇)များ ပေးအပ်သည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ပုံစံ(၇)သည် တောင်သူဦးကြီးများ၏ ပိုင်ဆိုင်မှုအထောက်အထား ဖြစ်သည့်အတွက်  အလွန်အရေးကြီး အသုံးဝင်ကြောင်း၊ မှန်မှန်ကန်ကန် အသုံးချတတ်ရန်နှင့် ထိန်းသိမ်းထားရန်လိုကြောင်း၊ စိုက်ပျိုးရာတွင်လည်း ဆန်စပါးအပြင် ရာသီဥတုနှင့်ကိုက်ညီသည့် အခြားသီးနှံများကိုလည်းသက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သည့် စိုက်ပျိုးရေးပညာရှင်များနှင့် တိုင်ပင်ညှိနှိုင်း၍ စိုက်ပျိုးကြရန်လိုကြောင်း၊ လယ်ယာမြေခွင့်ပြုလက်မှတ် ရရှိသောကြောင့် တရားဝင်ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် အမွေဆက်ခံပိုင်ခွင့် ကိစ္စရပ်များအား တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပိုင်ခွင့်များ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့် တာဝန်ရှိသူများက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အား တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူ ဦးတင်မောင်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

mdn

 

ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘုရားတောင်၊ တောင်ညိုနှင့် မောင်ရမ်းကျေးရွာအုပ်စုများမှ တောင်သူ (၈၃)ဦးအား လယ်ဧက (၉၅ ဒသမ ၂၂)ဧကနှင့် ယာဧက (၁၀၉ ဒသမ ၄၀)ဧက စုစုပေါင်းလယ်ယာမြေဧက (၂၀၄ ဒသမ ၆၂) ဧကအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဥတ္တရခရိုင်(ပြန်/ဆက်)