နေပြည်တော်ကောင်စီနယ်မြေ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့်ချေးငွေကို ကူးသန်းရောင်းဝယ်ရေးဘဏ် ရှေ့ပြေးစီမံကိန်း စတင်ထုတ်ချေး

နေပြည်တော်  ၂    ဧပြီ

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေ ကျေးလက်ဒေသများရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သည့် အရင်းအနှီးအတွက် လွယ်ကူလျင်မြန်စွာဖြင့် ချေးငွေစိစစ်ထုတ်ချေးရန် စမ်းသပ်စီမံကိန်းတစ်ခုကို ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါ စမ်းသပ်စီမံကိန်းကို ဝန်ကြီးဌာနက ကြီးကြပ်၍ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့က ပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည်။

 

သို့ဖြစ်ရာ စီမံကိန်းတွင် ပါဝင်သောချေးငွေများ စတင်ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက နေပြည်တော် မြန်မာ့စီးပွားရေးဘဏ် မြတ်ပန်းသဇင် ခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်တို့ ဦးဆောင်၍ ဘဏ်မှတာဝန်ရှိသူများနှင့် ချေးငွေရယူမည့် တောင်သူ(၁၃)ဦး တက်ရောက်ကြသည်။ အဆိုပါ စီမံကိန်းအရ  နေပြည်တော် ပျဉ်းမနားမြို့နယ်မှ စိုက်ပျိုး မွေးမြူရေးချေးငွေ လျှောက်ထားသူ (၁၃) ဦး သို့ ချေးငွေ ကျပ် (၁၂၆) သန်း ထုတ်ချေးခဲ့ကြောင်း သိရသည်။

 

ရှေ့ပြေးစီမံကိန်းမှ ထုတ်ချေးသည့် ချေးငွေမှာ ပုံမှန်ထုတ်ချေးနေသည့် ကာလတို စိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးသည့်ပုံစံဖြင့် မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းဆောင်ရွက်လိုသည့် စိုက်ပျိုးမွေးမြူရေး တောင်သူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းသဘာဝနှင့် ဆောင်ရွက်မည့် စီးပွားရေးပုံစံများအပေါ် အခြေခံ၍ ချေးငွေသက်တမ်း (၁)နှစ်မှ (၃)နှစ်အထိ ခွင့်ပြုပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်သည့် ကူးသန်းရောင်းဝယ်ရေးဘဏ် အတိုးနှုန်းများနှင့်အညီ သတ်မှတ်မည်ဖြစ်သည်။

 

အဆိုပါ ရှေ့ပြေးစီမံကိန်းကို နေပြည်တော်တွင်သာမက ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ တိုးတက် မြင့်မားစေရန်အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တစ်ဦးချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ ထုတ်ချေးသွားမည် ဖြစ်သည်။ ယခင် နိုင်ငံပိုင်ဘဏ်များ ပုဂ္ဂလိကပိုင်ဘဏ်များမှ ချေးငွေရယူသည့်အခါ အဓိကအားဖြင့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်း၊ မြေ နှင့် အဆောက်အအုံတို့ ရှိမှသာ ရယူနိုင်သည့်အခြေအနေမှ ဤစီမံကိန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက ကျေးလက်နေပြည်သူများ၏ အိမ်ဂရန်၊ မြေဂရန် မရှိမှုအခက်အခဲ၊ ပုံစံ(၇)ကို အာမခံအဖြစ် ထားရှိ၍ မရသည့်အခြေအနေ၊ ချေးငွေကို ရာသီအလိုက်သာ ရရှိသည့် အခက်အခဲ၊ ပြင်ပမှ အတိုးကြီးမားစွာဖြင့် ချေးငွေရယူရသည့်ကိစ္စရပ်များကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်