နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော်   ၁၁   ဩဂုတ်

 

နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၀)ကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

 

ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းကဏ္ဍ တာဝန်ခံ နေပြည်တော်‌ကောင်စီဝင် ဦးအေးမောင်စိန် က အမှာစကားပြောကြားရာ ကော်မတီတွင်ပါဝင်သည့် ဌာနဆိုင်ရာများအနေဖြင့် နှစ်အလိုက် စီမံကိန်းများ ချမှတ်ပြီး စိုက်ပျိုးရေး၊ လူမှုရေး၊ လယ်ယာကဏ္ဍများ ဆောင်ရွက်ရာတွင် အမျိုးသားစီမံကိန်း၊ ဒေသန္တရစီမံကိန်း တွေကို ရည်မှန်းချက်များပြည့်မီရေး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိုးစပါးနှင့် မိုးသီးနှံ တွေကို ပြည့်ပြည့်ဝဝစိုက်ပျိုးနိုင်ရေးနှင့် မျှော်မှန်းထားသည့် အထွက်နှုန်းများရရှိရေးကို ကြိုးပမ်းဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးတွေမှာ ရည်မှန်းချက်များ အောင်မြင်ရေး ဆောင်ရွက်နေသည့်အပြင် သဘာဝဘေးကြောင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးကိုလည်း ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိုးရွာသွန်းမှုနည်းပါးနေသဖြင့် ဆည်များအတွင်း ရေဝင်ရောက်မှု နည်းနေသည့် အတွက်ကြောင့် ဆည်ရေများကို စနစ်တကျသုံးစွဲရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊  စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများအား  မိုးစပါးနှင့်မိုးသီးနှံများ အထွက်ကောင်းမွန်စေရေးအတွက် စိုက်ပျိုးနည်းစနစ်များနှင့် အသိပညာပေးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် လျာထားဆောင်ရွက်မည့် လုပ်ငန်းများ ကို ရှင်းလင်းတင်ပြဆွေးနွေးကြရာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်