နောက်ကျသွားတဲ့အဖြေ

၁၃  အောက်တိုဘာ

တောင်တစ်လုံးရွာဟာ ရှည်လျားတဲ့ ဒေါန တောင်ခြေမှာ တည်ထားတဲ့ ရွာလေးတစ်ရွာ ဖြစ်တယ်။ ဒေါနတောင်ဟာ ဘယ်ကစလို့ ဘယ်ကဆုံးမှန်းလည်း တောင်တစ်လုံးရွာက လူတွေမသိကြဘူး။ သူတို့သိတာ ဒီတောင်ဟာ ရှည်တယ်။ တောင်ပေါ်မှာ ပန်းခူးလို့ရတယ်။ ထင်းခုတ်လို့ရတယ်။ ပြီးတော့ တောင်ရေတွေ စိမ့်စီးတော့ ချောင်းရေတွေရတယ်။ ချိုးရေတွေ ရတယ်၊ သောက်ရေတွေပါရတယ်။ ဒီလောက်ပဲ သိကြတယ်။ တောင်တစ်လုံးရွာမှာ ကားမရှိ၊ ဆိုင်ကယ်မရှိ၊ အသံချဲ့စက်မရှိ။ ဒါပေမယ့် တချို့တလေ အိမ်မှာတော့ နွားလှည်းရှိတယ်။ တချို့တလေ အိမ်မှာတော့ ဘာမှမရှိ။ ဒါပေမယ့် ကိစ္စမရှိ။ တန်ဆာပလာတွေ မရှိပေမယ့် သူတို့မှာ လယ်ရှိတယ်။ ယာရှိတယ်။ အလုပ် ရှိကြတယ်။ တောင်တစ်လုံးရွာက လူတွေဟာ အလုပ်တော်တော်ကြိုးစားကြတယ်။ မိုးလင်း တာနဲ့ လယ်အလုပ်၊ ကိုင်းအလုပ်တွေနဲ့ မအား ကြဘူး။ တချို့ကျတော့ တောင်ပေါ်မှာ ပန်းခူး၊ ထင်းခုတ်။ ရလာတဲ့ ထင်းကိုမီးသွေးဖုတ် ကြတယ်။ ဒီမီးသွေးတွေကိုတော့ မြို့က ဖောက်သည်တွေက လာယူတယ်။ မီးသွေးဖို အလုပ်က ပင်ပန်းတော့ လူတိုင်းမလုပ်နိုင် ကြဘူး။ လုပ်နိုင်တဲ့လူက ချီးကျူးစရာပဲပေါ့။ မီးသွေးဖုတ်တဲ့သူအကြောင်း ပြောမယ်ဆိုရင် ကိုကျော့ဒူးနဲ့ မစိန်ဖောတို့အကြောင်းကိုလည်း ပြောရဦးမှာပဲ။

မိုးလင်းတာနဲ့ ကိုကျော့ဒူးက ဓားနဲ့ လွှကို ထမ်း၊ မစိန်ဖောကတော့ ထမင်း၊ ငါးပိ၊ အချိုမှုန့်၊ ဆား၊ ငရုတ်သီးနဲ့ ရေတစ်ဘူးကို တောင်းတစ်လုံး ထဲမှာ ရောထည့်ပြီး ကိုကျော့ဒူးနောက်သို့ လိုက်တယ်။ တောထဲကို ရောက်တာနဲ့ ကိုကျော့ဒူးက သူခုတ်မယ့်အပင်တွေကို အရင် မှတ်သားထားလိုက်တယ်။ မီးသွေးကောင်းမယ့် သစ်အမျိုးအစားကို လိုက်ရွေးရတယ်။ ပြီးတော့ အရမ်းကြီးလွန်းတဲ့ အပင်တွေဆိုရင်လည်း သူတို့နှစ်ယောက်တည်းနဲ့ အဆင်မပြေဖြစ်နေ မှာစိုးလို့ ကိုကျော့ဒူးက အပင်ကိုသေချာရွေးယူ ရတယ်။ မှတ်ထားပြီးတဲ့အပင်ကို ကိုကျော့ဒူး နဲ့ မစိန်ဖောတို့က လွှနဲ့ဖြတ်။ လှဲကျတဲ့အပင်ကို ကိုကျော့ဒူးက ဖြောင့်တဲ့အပိုင်းဆိုရင် အဖြောင့် အတိုင်းထား။ ကောက်တဲ့အပိုင်းဆိုရင်တော့ ကိုကျော့ဒူးက အပိုင်းလိုက် အပိုင်းလိုက် ခုတ်ဖြတ်လိုက်တယ်။ မစိန်ဖောက အဲဒီအပိုင်း တွေကို တစ်ပုံစီ စုပေးတယ်။ နေ့တစ်ဝက် ရောက်ရင် သူတို့ထမင်းစားကြတော့တယ်။ ပါလာတဲ့ ငပိ၊ အချိုမှုန့်၊ ဆား၊ ငရုတ်သီးကို မစိန်ဖောက ရောနယ်လိုက်တယ်။ အဲဒီအချိန် ကိုကျော့ဒူးက အနီးအနားရှိ တို့စရာတွေ ခူးထားပြီးသားပဲ။ ဒီလိုအမြဲလိုလို စားရပေမယ့် ကိုကျော့ဒူးတို့အတွက် မမြိန်တဲ့ရက်ဆိုတာ မရှိပါဘူး။ တစ်ခါတလေ အကြော်တစ်ခု နှစ်ခုပါလာရင်တော့ ဘယ်ပြောကောင်းတော့ မလဲ။ နေစောင်းမှ ကိုကျော့ဒူးတို့ အိမ်ပြန် ရောက်တတ်တယ်။

ခုတ်ပြီးသားထင်းတွေကို ကိုကျော့ဒူးက နိုင်သလောက် ထမ်းလာတယ်။ မနိုင်လည်း ထားခဲ့လိုက်တယ်။ နောက်မှ လာသယ်လိုက် တယ်။ ဘယ်သူမှမခိုးကြဘူး။ သစ်တောဥပဒေ၊ လူဥပဒေတွေကို ကိုကျော့ဒူးနားမလည်။ ကိုကျော့ဒူးသိတာက တောင်တစ်လုံးရွာက လူတွေဟာ ကြိုးစားတယ်။ ရိုးသားတယ်။ ဘုန်းကြီးကျောင်းလည်း မှန်တယ်။ တရား လည်း ထိုင်တယ်။

အိမ်မှာ ထင်းတွေလှည်းနှစ်စီးစာရပြီ ဆိုတာနဲ့ ကိုကျော့ဒူးတို့လင်မယား ထင်းခုတ် တာကိုရပ်လိုက်ပါတော့တယ်။ ဒါပေမယ့် အလုပ်မပျက်ကြသေးဘူး။

မီးသွေးဖုတ်ဖို့ ကျန်သေးတယ်။ ကိုကျော့ဒူး တို့ မီးသွေးဖိုဟာ ဖိုလတ်ပဲဖြစ်တဲ့အတွက် ကိုကျော့ဒူးနဲ့ မစိန်ဖောတို့ကပဲ ကိုယ်တိုင်လုပ် တယ်။ ဖိုထဲကို ထင်းသွင်းတဲ့အခါဆိုရင် ကိုကျော့ဒူးက ဖိုထဲမှာနေ မစိန်ဖောက အပေါ် ကနေပြီး ထင်းကိုလှမ်းပေးရတယ်။ အတုံးကြီး တဲ့ ထင်းတွေဆိုရင် ကိုကျော့ဒူးက အပေါ်တက် ပြီး ဝိုင်းမပေးတယ်။ မစိန်ဖောကိုလည်း အထင်သေးလို့မရဘူး။ မိန်းကလေးဆိုပေမယ့် ဒီအလုပ်ကိုလုပ်နေကျမို့ တော်ရုံသစ်အလုံးဆို ထမ်းနိုင် မနိုင်တယ်။ ဖိုထဲမှာထင်းစီလို့ ပြည့်သွားပြီဆိုရင်တော့ ကိုကျော့ဒူးက မီးမွှေး ပေါက်ကနေ လောင်စာတွေ သစ်ကိုင်းခြောက် တွေနဲ့ မီးမွှေးပြီး အထဲကထင်းတွေလောင် အောင် မီးထိုးရတယ်။ မီးအရှိန်ရလာတာနဲ့ ဖိုပိတ်လို့ရပြီ။ ဖိုပိတ်လိုက်ပြီဆိုပေမယ့် မစိန်ဖောက နားရသေးတာမဟုတ်ဘူး။ အထဲက မီးအပူကြောင့် ဖိုကွဲမှာလည်း စိုးရသေး တယ်လေ။ ဒါကြောင့် မစိန်ဖောက တစ်ရက်ကို နှစ်ခါလောက် ဖိုကို ရွှံ့ရေနဲ့ ဖိုတစ်ခုလုံးနှံ့‌အောင် လိုက်ပက်ပေးရတယ်။ ဒါမှ ဖိုအေးမှာကိုး။ ပြီးတော့ ဖိုပိတ်နေတဲ့ ကြားရက်အတွင်းမှာ ဖိုဘေးနားက မီးရှူပေါက်သေးသေးလေး တွေကို သတိထားရ‌သေးတယ်။ အဲဒီအပေါက် ကနေ မီးခိုးမထွက်တော့ဘူးဆိုရင် ဖိုအထဲမှာ မီးငြိမ်းသွားတာလား။ မီးခိုးထွက်ရင်လည်း မီးခိုးကိုသေချာကြည့်ရပြန်တယ်။ ဘာအရောင် လဲ။ အနီရောင်ဆို အထဲမှာ မီးပြင်းသေးတယ်။ အဝါရောင်ဆို နည်းနည်းတောက်ပြီ။ အပြာ အစိမ်းပြောင်းမယ်။ ဒီလိုနဲ့တစ်ပတ်ပြည့်လို့ မီးခိုးတိတ်သွားရင်မီးသွေးဖော်လို့ရပြီ။

ဖော်ပြီးတဲ့မီးသွေးကို ကိုကျော့ဒူးတို့က မီးသွေးရုံမှာ လှောင်ထားရတယ်။ နှစ်လစာ လှောင်ထားမှ ထော်လာဂျီတစ်ကားစာလောက် ရတယ်။ ဒီတော့မှ မြို့ကမီးသွေးဖောက်သည်က ပေါ်လာတတ်တယ်။ အဲဒီထော်လာဂျီသမား တောင် ရွာကို ခဏခဏဆန်လာဝယ်တဲ့ ဆန်ကုန်သည် ဦးတိုးက ဆက်သွယ်ပေးလို့ ကိုကျော့ဒူးတို့ ဟန်ကျနေတာပေါ့။ ထော်လာဂျီ တစ်ကားစာမီးသွေးဆိုရင် ကိုကျော့ဒူးတို့ ငွေငါးထောင်ရတယ်။ ငွေငါးထောင်ရတာ တန်လား မတန်ဘူးလားဆိုတာ ကိုကျော့ဒူး မသိ။ ဒါပေမယ့် သေချာတာက ဒီငွေငါးထောင်က သူတို့အတွက်များတယ်။ ထော်လာဂျီကားကို သူတို့ ကျေးဇူးတင်မိတာတော့ အမှန်ပဲ။

ဒီလိုမီးသွေးဖို အလုပ်ကို ကိုကျော့ဒူးတို့ လုပ်လာခဲ့တာ အိမ်ထောင်သက် ငါးနှစ်တောင် ရှိပြီ။ မစိန်ဖောက တစ်ခါတလေ အိမ်မှာ နားသေးတယ်။ ကိုကျော့ဒူးကတော့ တစ်ရက် တလေမှ မလုပ်ရရင် ဖျားချင်သလိုလိုနဲ့။ ဘယ်သူ့အကြောင်းကိုမှ ကိုကျော့ဒူးစိတ်ဝင် စားလို့ မအားဘူး။

တစ်ညတော့ မစိန်ဖောက

"ရှင် ချောင်းနားက သတင်းကြားပြီးပြီလား"

"ဘာသတင်းလဲစိန်ဖော ငါမကြားမိပါဘူး"

"တွေ့လား ရှင့်ကို ကျွန်မပြောပါတယ် ရွာကအကြောင်းတွေလည်း စိတ်ဝင်စားပါဦးလို့"

"ကဲ ပြောစမ်းပါကွာ ချောင်းနားမှာ ဘာဖြစ်နေလို့လဲ"

"ချောင်းနားက မအေးကြည်ရဲ့အိမ်လေ သူ့သားအငယ်ကောင်ဆုံးသွားလို့တဲ့"

"ဟင်....ဘယ်လိုဖြစ်ပြီးဆုံးသွားတာလဲ စိန်ဖော"

"ဝမ်းလျှောလို့တဲ့"

"ဟာ..."

ကိုကျော့ဒူး စိတ်မကောင်းဖြစ်သွားတယ်။ ခေါင်းတစ်ချက် ခါလိုက်တယ်။ ပြီးတော့ မစိန်ဖောက ဆက်ပြောတယ်။

"မအေးကြည်ကို ကျွန်မသိပ်သနားတာပဲ။ သူလည်း ကျွန်မလို ခံစားရမှာပဲနော်.....။ ကိုကျော့ဒူးရေ ကျွန်မသားကို ကျွန်မသိပ်လွမ်း တာပဲ "

မစိန်ဖောက ပြောရင်းနဲ့ မျက်ရည်တစ်စက် နှစ်စက်ကျလာတယ်။

"ငိုမနေပါနဲ့ စိန်ဖောရာ ငိုနေလည်း ဘာထူးမှာလဲ။ ကဲ ငါအိပ်တော့မယ်။

မနက်ဖြန် တောထဲသွားရဦးမယ် "

ကိုကျော့ဒူးက မစိန်ဖောစကားကို ဖြတ်ပြီး ဘုရားစင်အောက်မှာ လှဲချလိုက်တယ်။ တကယ်တော့ မစိန်ဖောနဲ့ စကားဆက်ပြောရင် မစိန်ဖော ပိုဝမ်းနည်းမှာစိုးလို့ ကိုကျော့ဒူး စကားဖြတ်လိုက်တာဖြစ်တယ်။ ကိုကျော့ဒူး လည်း သားနဲ့ပတ်သက်ပြီး ရင်ထဲမှာမချိအောင် ခံစားနေရပါတယ်။ တစ်ခါတလေတောင် သားနဲ့အတူရှိခဲ့တဲ့ အရင်တုန်းကနေ့တွေကို ကိုကျော့ဒူးပြန်တမ်းတနေမိတယ်။ အရင်တုန်း ဆိုတာ ကိုကျော့ဒူးနဲ့ မစိန်ဖော ညားပြီး တစ်နှစ်ကြာတုန်းကပေါ့။ မစိန်ဖော ဗိုက်ကြီး တယ်။ အဲဒီကိုယ်ဝန်က မအောင်ဘူး။ ပျက်ကျ သွားတယ်။ နောက်ကိုယ်ဝန်ရလာတော့ သားလေးကိုမွေးတယ်။ မစိန်ဖောတို့ ပျော်လိုက် ကြတာများ ဆိုလိုက် ကလိုက်နဲ့။ ကိုကျော့ဒူး လည်း ဆင်ဖြစ်လိုက် မြင်းဖြစ်လိုက်နဲ့ သားပျော်အောင် တစ်မျိုးပြီးတစ်မျိုး ဖန်တီး နေရတယ်။ ဒါပေမယ့် မကြာဘူး။ သုံးနှစ်ပဲ ကြာတယ်။ ကိုကျော့ဒူးတို့ရဲ့သားဟာ ဝမ်းလျှောရောဂါဖြစ်ပါလေရော။ ဒီနေရာမှာ တောင်တစ်လုံးရွာမှာ တိုင်းရင်းဆေးဆရာ ဦးလေးပုဆိုတာရှိတယ်။ ဦးလေးပုမှာ ဆေးရည် ရှိတယ် ဆေးမြစ်ရှိတယ်။ တိုင်းရင်းဆေးထုပ်တွေ နည်းနည်းရှိတယ်။ ရောဂါတိုင်းကို ဦးလေးပု မကုနိုင်ပေမယ့် ရသလောက်တော့ ကုပေးတယ်။ ဒါကြောင့်လည်း ရွာက လူတွေဟာ တစ်ခုခုဆို ဦးလေးပုဆီ ပြေးသွားရတယ်။ ဒီတော့ အခု မစိန်ဖောခမျာလည်း ဦးလေးပုဆီက ဆေးထုပ် ကိုရလာပြီး သူ့သားကိုတိုက်လိုက်တယ်။

ကိုကျော့ဒူးကလည်း သူငယ်ငယ်တုန်းက သူ့အဖေ ပြောပြဖူးတဲ့ ဆေးနည်းတွေကို လုပ်တယ်။ သရက်ခေါက် မာလကာခေါက် တွေကိုပြုတ်။ ပြုတ်လို့ရတဲ့ အရည်တွေကို ဦးလေးပုဆေးတွေနဲ့ ရောတိုက်။ ပြီးတော့ အဲဒီအခေါက်ပြုတ်ရည်ကို ပေးချိုး။ ဒီနည်းက ကိုကျော့ဒူးငယ်ငယ်ကတည်းက တစ်ရွာလုံး သုံးလာတဲ့နည်းဖြစ်တယ်။ ကိုကျော့ဒူးနဲ့ မစိန်ဖော အဲလောက်ကြိုးစားပေမယ့် သူတို့ရဲ့ သားက အန်တုန်းပဲ၊ ဝမ်းလျှောတာလည်း မရပ်ဘူး။ ပြီးတော့ ဆုံးသွားတယ်။ ကိုကျော့ဒူး မျက်ရည်ကျခဲ့တယ်။ မစိန်ဖော ရူးမတတ် ငိုခဲ့ရတယ်။ ဒါပေမယ့် ကိုကျော့ဒူးတို့ မတတ်နိုင်။ ကံကိုပဲ အပြစ်တင်ရမလား။ ရွာကိုပဲအပြစ်တင် မလား။ ကိုကျော့ဒူးတို့ရွာဟာ ဒီရောဂါကြောင့် ကလေးတွေသေပေါင်းလည်း မနည်းတော့ဘူး။ ရွာမှာ သင်္ချိုင်းနှစ်ခုတောင် ထားနေရတယ်။ ကလေးသင်္ချိုင်း။ လူကြီးသင်္ချိုင်းတဲ့။

ကိုကျော့ဒူး ငယ်ငယ်တုန်းကလည်း တစ်အိမ်လုံး ဝက်သက်ရောဂါ ဖြစ်တယ်။ ကိုကျော့ဒူး အစ်မနှစ်ယောက် ဆုံးသွားတယ်။ ကိုကျော့ဒူးတောင် ကံကောင်းလို့ အသက်ရှင် လာခဲ့တယ်။

ဘုရားစင်အောက်မှာ ကိုကျော့ဒူးလှဲချတာ ကြာပေမယ့် သူအိပ်မပျော်သေးဘူး။ သူစဉ်းစား နေပြန်တယ်။ ငါတို့ရွာဟာ ဘာကြောင့် လူအဲဒီလောက် သေရလဲ။ ဒီရောဂါတွေကို ပျောက်အောင်ကုဖို့ ဘာကြောင့်ဆေးမရှိ ရတာလဲ။ ဆေးခန်းမရှိရတာလဲ။ ဆေးဆရာ မရှိရတာလဲ။ ဒီရွာကလူတွေ ဘာကြောင့် ဆေးဆရာ မဖြစ်ကြတာလဲ။ ဘာဖြစ်လို့ ဆေးဆရာတွေ မွေးထုတ်ပေးဖို့ စာသင်ကျောင်း မရှိရတာလဲ။ ကိုကျော့ဒူးရဲ့ အတွေးတွေက ခမ်းနားနေပေမယ့် သူကိုယ်၌ကလည်း ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ကံကိုပဲယုံခဲ့ရတယ်။

နောက်တစ်နေ့ မနက်ရောက်တော့ ထုံးစံ အတိုင်း ကိုကျော့ဒူးတို့လင်မယား တောထဲကို သွားကြပြန်တယ်။ ထုံးစံအတိုင်းထက်ပိုတာက ဒီနေ့ခုတ်ရမယ့်အပင်နေရာက အရင်နေ့တွေ လောက် မလွယ်ဘူး။ ချုံတွေများတယ် ခါချဉ် ကောင်တွေများတယ် တောင်ပို့တွေလည်း များတယ်။ တောထဲကို ကို‌ကျော့ဒူးတို့ ရောက်ပြီ။ မစိန်ဖောက ရွက်လာတဲ့တောင်းကို အရိပ် ကောင်းတဲ့ သရက်ပင်ကြီးတစ်ပင်အောက်မှာ ချထားလိုက်တယ်။ ပြီးတဲ့နောက် သူတို့ လုပ်ငန်းစတော့တယ်။

ကိုကျော့ဒူးက ချုံတွေရှုပ်နေတဲ့သစ်ပင် အနီးအနားကို အရင်ရှင်းလိုက်တယ်။ ပြီးတော့ ဓားနဲ့ခုတ်လို့ရမယ့် အပင်သေးတွေကိုအရင် ခုတ်တယ်။ မစိန်ဖောကလည်း ထုံးစံအတိုင်း ကိုကျော့ဒူးခုတ်ပြီးတာနဲ့ သပ်သပ်ရပ်ရပ်ပုံပေး ပြီးသားပဲ။ နေက သရက်ပင်အပေါ်တည့်တည့် ရောက်နေပြီဖြစ်တဲ့အတွက် ကိုကျော့ဒူးတို့ ထမင်းစားကြတော့တယ်။ ငါးပိ၊ အချိုမှုန့်၊ ငရုတ်သီးကို သစ်ပင်ခုတ်နေရာက ရလာတဲ့ ခါချဉ်ကောင်တွေနဲ့ ရောနယ်လိုက်ပြီး စားလိုက်တယ်။ အရင်တစ်ခေါက်ကထက် ပိုစားကောင်းတယ်လို့ ကိုကျော့ဒူးက မစိန်ဖော ကို ပြောတယ်။ ပြီးတာနဲ့ ခဏနား။ ပြီးတော့ မစိန်ဖောက သူတွေ့ထားတဲ့သပြေပင် တစ်ပင် အနားသို့ သွားလိုက်တယ်။ အဲဒီအချိန်မှာ မစိန်ဖောဆီကနေ ကိုကျော့ဒူးကြားလိုက်ရတဲ့ အသံကတော့

"အား....."

အသံကြားတာနဲ့ ကိုကျော့ဒူးလည်း မစိန်ဖောဆီပြေးသွားပါတော့တယ်။

"စိန်ဖော....နင်ဘာဖြစ်လို့လဲ"

"ကိုကျော့ဒူး....မြွေဟောက် မြွေဟောက် ကျွန်မကို ကိုက်သွားတာ"

"ဪ ဖြစ်ရလေ စိန်ဖောရယ် နင့်‌‌ခြေထောက် ငြိမ်ငြိမ်ထားပါ ကြားလား ငါစည်းပေးမယ်"

မစိန်ဖောခြေထောက်ကို ကိုကျော့ဒူးက သူ့အင်္ကျီနဲ့ စည်းပေးလိုက်တယ်။

"စိတ်မပူပါနဲ့စိန်ဖောရာ နင့်ဘေးနားမှာ ငါတစ်ယောက်လုံးရှိပါတယ်ဟာ"

စိတ်မပူပါနဲ့လို့ပြောရပေမယ့် ကိုကျော့ဒူး စိတ်ထဲမှာလည်း မတည်မငြိမ်ဖြစ်နေရှာပြီ။ ပြီးတာနဲ့ မစိန်ဖောကို သူပွေ့ချီလိုက်တယ်။

မျက်လုံးဖွင့်တစ်ချက် ပိတ်တစ်လှည့် ဖြစ်နေတဲ့ မစိန်ဖောကို ကိုကျော့ဒူးချီလာတယ်။ သစ်တောထဲကနေ မလွတ်မြောက်သေးဘူး။ ဒီသစ်တောကို အိမ်ကနေလမ်းလျှောက်လာရင် တစ်နာရီလောက်လျှောက်ရတယ်။ အဲဒီတုန်း က သွက်သွက်လက်လက်လျှောက်လို့ရသေးတယ်။ အခုမှာက ကို‌ကျော့ဒူးခမျာ မစိန်ဖော ရဲ့ ကိုယ်အလေးချိန်ကြောင့် ဒယိမ်းဒယိုင်နဲ့ လျှောက်နေရတယ်။ နေကလည်း အတော် ကျပြီ။ ကိုကျော့ဒူး စိတ်ဓာတ်မကျသေးဘူး။

"ကိုကျော့ဒူး.... ရွာမရောက်သေးဘူး လားဟင်"

"အားတင်းထားပါ စိန်ဖောရာ ဦးလေးပု ဆီရောက်ရင် ကောင်းသွားမှာပါနော် နော် စိန်ဖော"

ဦးလေးပုဆီ ရောက်တော့မှာပါလို့ ကိုကျော့ဒူးက ပြောလိုက်ပေမယ့် တကယ့် တကယ်တော့ အခုမှတောအုပ်ထဲကနေ ကျော်လာတယ်။ ရွာ‌ရောက်ဖို့လိုသေးတယ်။ ကိုကျော့ဒူး ခြေလှမ်းမရပ်ဘဲ မစိန်ဖောကို ချီလာတယ်။ ဖိနပ်တောင်မှ ဘယ်နားမှာ ချန်ထားခဲ့မှန်း သူမသိတော့ဘူး။

"ကိုကျော့ဒူးရယ် ကျွန်မသေရတော့မယ်"

"နိမိတ်မရှိတဲ့စကား မပြောပါနဲ့ဟာ နင့် ဘေးနားမှာ ငါတစ်ယောက်လုံးရှိပါတယ် ကြားလား စိန်ဖော"

ကို‌ကျော့ဒူးက အားတင်းထားပါလို့ ပြောရပေမယ့် သူကိုယ်၌မှာတော့ အားပျက် ကြိုးပျက်တော့မယ်ဆိုတာ သူ့ကိုယ်သူ သိနေ တယ်။ သူ့ဘေးမှာ ကံဆိုတဲ့အရာမရှိမှာ ကိုလည်း သူတွေးပူနေမိတယ်။

ရွာကို ကိုကျော့ဒူးလှမ်းမြင်ရပြီ။

"စိန်ဖော ရွာရောက်ပြီဟ .....စိန်ဖော စိန်ဖော.... ဟင် ခေါ်လို့လည်း မရတော့ပါလား စိန်ဖော"

ခေါ်လို့မရတော့တဲ့ မစိန်ဖောကို ကိုကျော့ဒူး အခါခါခေါ်‌နေမိတယ်။

နောက်ဆုံးတော့ မစိန်ဖောကို လူကြီး သင်္ချိုင်းမှာ မြေမြှုပ်လိုက်ရတယ်။

နှစ်နှစ်ဆယ်ကြာတဲ့အခါ တောင်တစ်လုံး ရွာလေးမှာ ဆိုင်ကယ်တစ်စီး နှစ်စီးရှိပြီ။ စက်ဘီးတွေလည်း ရှိပြီ။ မူလတန်းကျောင်းမှာ စာသင်တဲ့ အသံတွေလည်း ကိုကျော့ဒူးကြား နေရပြီ။ ကျန်းမာရေးဌာနမှာ သားဖွားဆရာမက မီးဖွားပေးနေပြီ။ ကလေးတွေကို ဝက်သက် ကာကွယ်ဆေးတွေ ထိုးပေးနေပြီ။ ဒီအချိန်မှာ ကိုကျော့ဒူးရဲ့ ခမ်းနားတဲ့အတွေးထဲက မေးခွန်း တွေဟာ အဖြေရှိကုန်ပြီ။ ဒါပေမယ့် ကိုကျော့ဒူး သိပ်ချစ်ရတဲ့ သူ့သားနဲ့ မယားမရှိတော့ဘူး။ အဲဒီ ခမ်းနားတဲ့အဖြေတွေဟာ ကိုကျော့ဒူး အတွက် နောက်ကျသွားခဲ့ပြီ။

ငခွန် (ရွှေကဲ)