နှစ်သစ်ကူးရုံးပိတ်ရက်များတွင် သတင်းစာများ အလှည့်ကျ ထုတ်ဝေမည်

နေပြည်တော် ၈ ဧပြီ

မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ နေ့စဉ်ထုတ်သတင်းစာများကို အလှည့်ကျ ထုတ်ဝေမည်ဖြစ်ပါသည်။

ဧပြီ ၁၂၊ ၁၃၊ ၁၄ ရက်တို့တွင် မြန်မာ့အလင်းသတင်းစာကို ထုတ်ဝေမည် ဖြစ်ပြီး ကြေးမုံသတင်းစာနှင့် The Global New Light of Myanmar သတင်းစာတို့ကို ခေတ္တရပ်နားသွားမည်ဖြစ်ပါသည်။

ဧပြီ ၁၅၊ ၁၆၊ ၁၇ ရက်တို့တွင် ကြေးမုံသတင်းစာနှင့် The Global New Light of Myanmar သတင်းစာတို့ ထုတ်ဝေမည်ဖြစ်ပြီး မြန်မာ့အလင်းသတင်းစာကို ခေတ္တရပ်နားသွားမည်ဖြစ်ပါသည်။ ။

ထို့အတူ ကိုယ်ပွားသတင်းစာတိုက်(မော်လမြိုင်)မှ (တနင်္ဂနွေနေ့) တိုင်း ထုတ်ဝေလျက်ရှိသည့် မွန်၊ စကောကရင်၊ ပိုးကရင်၊ ပအိုဝ်း တိုင်းရင်းသားဘာသာအချပ်ပိုကို ဧပြီလ ၁၂ ရက်နေ့တွင် လည်းကောင်း၊ ကိုယ်ပွားသတင်းစာတိုက်(စစ်တွေ)မှ (ဗုဒ္ဓဟူးနေ့)တိုင်း ရခိုင်ဘာသာဖြင့် ထုတ်ဝေသည့် ပြည်ရခိုင်ပုံရိပ်အချပ်ပိုကို ဧပြီလ ၁၅ ရက်နေ့တွင် လည်းကောင်း၊ ကိုယ်ပွားသတင်းစာတိုက်(စစ်တွေ)မှ (ကြာသပတေးနေ့) တိုင်း ထုတ်ဝေသည့် ရခိုင်ရွှေမြေအချပ်ပိုကို ဧပြီလ ၁၆ ရက်နေ့တွင် လည်းကောင်း၊ ကိုယ်ပွားသတင်းစာတိုက်(တောင်ကြီး)မှ (ကြာသပတေးနေ့) တိုင်း ထုတ်ဝေသည့် ရှမ်းဘာသာအချပ်ပိုကို ဧပြီလ ၁၆ ရက်နေ့တွင် လည်းကောင်း ရပ်နားမည်ဖြစ်ပြီး သင်္ကြန်ရုံးပိတ်ရက်ကာလကျော်လွန်ပါက ပုံမှန်ပြန်လည်ထုတ်ဝေသွားမည်ဖြစ်ပါသည်။

သတင်းစာကြော်ငြာများကိုမူ သတင်းစာတိုက်များ၏ အလှည့်ကျ ပိတ်ရက်ကာလများတွင် ပိတ်ရက်မရှိ လက်ခံသွားမည်ဖြစ်ပြီး ဧပြီလ ၁၈ ရက်နေ့မှစ၍ သတင်းစာများအားလုံး ပုံမှန်အတိုင်း ဆက်လက်ထုတ်ဝေသွား မည်ဖြစ်ပါသည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း