မတ္တရာမြို့နယ်၌ သဘာဝပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အပင်အားဆေးများ ပြုလုပ်သုံးစွဲခြင်း နည်းပညာပေး သင်တန်းဖွင့်

မတ္တရာ  ၃၀  အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အစားအစာဘေးကင်းလုံခြုံရေးစီမံကိန်း (Food Safety Project)မှ သဘာဝပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အပင်အားဆေးများ ပြုလုပ်သုံးစွဲခြင်း နည်းပညာပေးသင်တန်းကို ယနေ့ မွန်းလွဲ ၁ နာရီက ရေနံ့သာစိုက်ပျိုးနည်းပညာပေး စင်တာတွင် ဖွင့်လှစ်ပို့ချပေးခဲ့သည်။

အဆိုပါ နည်းပညာပေးသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာမှ အစားအစာ ဘေးကင်းလုံခြုံရေးစီမံကိန်း (Food Safety Project) ဖြစ်ပေါ်လာရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ဒုလက်ထောက်ဦးစီးမှူး ဒေါ်အိဖြိုးဆန်းမှ သဘာဝပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အပင်အားဆေးများဖြစ်သည့် အီးအမ်-ဖိုက်နှင့် ငါးအမိုင်နိုအက်ဆစ် ဖော်စပ်နည်းများကို လက်တွေ့ပြသခြင်းနှင့် သုံးစွဲနည်းများကို ရှင်းလင်းပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် တောင်သူများအား ဖော်စပ်နည်းများကို လက်တွေ့ပြုလုပ်စေခဲ့ကာ ဖော်စပ်ခဲ့ သည့်ဆေးဘူးများကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြသည်။

အဆိုပါ နည်းပညာပေးသင်တန်းသို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အစားအစာ ဘေးကင်းလုံခြုံရေးစီမံကိန်း (Food Safety Project)အဖွဲ့ဝင် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)