မတည်ငြိမ်မှုတွေကြားထဲက ဘယ်လ်ဂျီယံနိုင်ငံ၏ လတ်တလော နိုင်ငံရေး အခြေအနေများ

ရွှေ့ပြောင်းနေထိုင်သူတွေကြောင့် ကမ္ဘာတစ်ဝန်း အစိုးရအတော်များများဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် ဥရောပနဲ့ အမေရိကန်မှာ ဒီပြဿနာဟာ ပိုပြီးထင်ထင်ရှားရှား ဖြစ်ပေါ်နေပါတယ်။ ရွှေ့ပြောင်း အခြေချနေထိုင်သူ ပြဿနာကြောင့် အစိုးရအဖွဲ့ ခေါင်းဆောင်တွေ နုတ်ထွက် သွားရတာ လည်းရှိပါတယ်။

 

နုတ်ထွက်စာတင်

 

အခု ဘယ်လ်ဂျီယံမှာလည်း ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ချားလ်မီရှယ် ဟာ ရာထူးကနေ နုတ်ထွက်စာတင်ထား ပါတယ်။ သူ့ရဲ့အဓိက မဟာမိတ်ဖြစ်သူဟာ ရွှေ့ပြောင်းနေထိုင်သူတွေ ပြဿနာကြောင့် ရာထူးကနေ နုတ်ထွက် သွားရတဲ့နောက် တစ်ဖန် ဝန်ကြီးချုပ်ကလည်း ထွက်စာ တင်ခဲ့တာပါ။ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် မစ္စတာမီရှယ် ဟာ လွန်ခဲ့တဲ့ သီတင်းပတ်က ကုလ သမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူတွေ စာချုပ်ကို လက်ခံခဲ့တဲ့အတွက် အမျိုးသားရေးဝါဒီတွေဖြစ်တဲ့ New Flemish Alliance ပါတီရဲ့ ထောက်ခံမှုတွေ မရှိတော့ပါဘူး။ 

 

အခုဆိုရင် လက်ယာယိမ်းတွေရော လက်ဝဲယိမ်းပါတီတွေရဲ့ ထောက်ခံမှုပါ ကျဆင်းပြီး ဖိအားတွေနဲ့ ရင်ဆိုင် နေရတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အတိုက် အခံတွေကတော့ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေနဲ့ ပတ်သက်တဲ့မူဝါဒဟာ ဘယ်လ်ဂျီယံနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးစေတယ်လို့ စွပ်စွဲကြ ပါတယ်။

 

ဒေါသတွေစုပြုံကျ

 

အခုဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ချားလ်မီရှယ် ကြုံတွေ့နေရတဲ့ ပြဿနာဟာ အခြားသော ဥရောပနိုင်ငံ ခေါင်းဆောင်တွေကိုလည်း ရိုက်ခတ် လျက်ရှိပါတယ်။ ပြင်သစ်မှာဆိုရင်လည်း သမ္မတ အီမန်နျူရယ်မက်ခရွန်ဟာ အစွန်းမရောက် မျှတတဲ့ နိုင်ငံရေးကို ထိန်းထားလိုပေမယ့် အဘက်ဘက်ကထိုးနှက်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် မစ္စတာ မီရှယ် နုတ်ထွက်စာတင်ရတဲ့အထိ ဖြစ်သွားရတဲ့ အကြောင်းရင်းကတော့ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေကို ခွဲဝေလက်ခံမယ်ဆိုတဲ့ ကုလသမဂ္ဂ သဘောတူစာချုပ်မှာ ပါဝင်ခဲ့တဲ့ အတွက် ဒေါသတွေအားလုံးဟာ သူ့အပေါ်ကို စုပြုံကျခဲ့တာပဲ ဖြစ်ပါတယ်။ လက်ဝဲယိမ်း အတိုက်အခံတွေကတော့ အလှမ်းကျယ်တဲ့ သဘာဝ ပတ်ဝန်းကျင်မူဝါဒတွေ ချမှတ်ပေးဖို့ အခွန်ငွေကောက်ခံမှု လျှော့ချဖို့ တတ်နိုင်လောက်တဲ့ ဆေးဝါးစရိတ် ဖြစ်လာဖို့တွေ တောင်းဆိုခဲ့ကြပါတယ်။

 

ပါလီမန်ကို မေးခွန်းထုတ်

 

မစ္စတာမီရှယ်ကတော့ လွှတ်တော်မှာ မိန့်ခွန်းပြောခဲ့ပြီး လက်ဝဲယိမ်း အတိုက်အခံတွေကို မေးခဲ့ပါတယ်၊ သူ့နေရာကို ဆက်လက်တည်မြဲအောင် ထိန်းထားနိုင်ဖို့အတွက် မဟာမိတ်အဖြစ် နေပေးနိုင်မလားလို့ တောင်းဆို ခဲ့ပါတယ်။ အခုလက်ရှိအစိုးရဟာ အခြေအနေတွေကို ဆက်လက်ထိန်းသိမ်း သွားနိုင်ဖို့ ယုံကြည်ချက် မရှိဘူး။ ဒါကြောင့် နိုင်ငံသားတွေရဲ့ အကျိုးစီးပွား အတွက် နောက်လာမယ့် အစီအစဉ်တွေမှာ ကျွန်တော်တို့ အတူတကွ လက်တွဲ လုပ်ဆောင်သွားဖို့ မရှိဘူးလားဆိုပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ ပါလီမန်ကို ဝန်ကြီးချုပ်က မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝန်ကြီးချုပ်ရဲ့ တောင်းဆို မှုဟာ အရာမထင်ခဲ့ပါဘူး။ လက်ဝဲယိမ်း ပါတီတွေဟာ ဝန်ကြီးချုပ်ကို အယုံ အကြည်မရှိ အဆိုတင်သွင်းခဲ့ကြပါတယ်။

 

မီးမောင်းထိုးပြ

 

ဒါကြောင့်လည်း ဝန်ကြီးချုပ် မီရှယ် ဟာ သူ့ရဲ့နုတ်ထွက်စာကို ဘယ်လ်ဂျီယံ ဘုရင် ဖိလစ်ထံကို တင်သွင်းခဲ့ရပါတယ်။ ဘယ်လ်ဂျီယံဝန်ကြီးချုပ်ရဲ့ နုတ်ထွက်စာဟာ ဘယ်လ်ဂျီယံနိုင်ငံရဲ့ လက်ရှိမတည် မငြိမ်ဖြစ်မှုတွေကိုပဲ မီးမောင်းထိုးပြ နေတာ မဟုတ်ပါဘူး။ ယနေ့ဥရောပမှာ လက်ယာစွန်းလည်းမရောက် လက်ဝဲစွန်း လည်းမရောက်တဲ့ ဗဟိုနိုင်ငံရေးသမား တွေဟာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရ တယ်ဆိုတာကို မြင်တွေ့နေရတာပဲ ဖြစ်ပါတယ်လို့ အောက်စဖို့ဒ်မှာရှိတဲ့ ဥရောပသမိုင်း ပါမောက္ခ မာတင်ကွန်ဝေး က ပြောပါတယ်။ ထက်မြက်ပြီး နည်းပညာ ကြွယ်ဝတဲ့ အစိုးရဟာလည်း အခုအခါမှာတော့ ဖိအားတွေရောက်နေပြီလို့ သူက ဆက်ပြောပါတယ်။ လက်ယာစွန်းရောက် နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ အောင်မြင်မှုကို ကြေညာခဲ့ပါတယ်။

 

ပြီးတော့ ဥရောပတစ်လွှားက ခေါင်းဆောင်တွေ သတိထားရမယ့်အချိန် ရောက်ပြီလို့လည်း ပြောခဲ့ပါတယ်။ အခု အချိန်ဟာ ပြည်သူရဲ့အသံကို နားထောင်ဖို့ အချိန်ရောက်ပြီလို့ လက်ယာစွန်းရောက် ပါတီဖြစ်တဲ့ Vlaams Belang က လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဘရာပတ်စ်က ပြောပါတယ်။

 

လူသိရှင်ကြား မကြေညာသေး

 

အနောက်ဥရောပရဲ့အသည်းနှလုံးလို့ တင်စားရမယ့် လက်ဝဲလက်ယာမယိမ်းဘဲ နိုင်ငံရေးအမြင်မျှတတဲ့အစိုးရ ပျက်သုဉ်းခြင်းဟာ ဥရောပတိုက်မှာ အမျိုးသားရေး ဝါဒီတွေနဲ့ ပေါ်ပြူလစ်ဝါဒီတွေ ကြီးစိုးလာ ပြီဆိုတာကို ဖော်ပြနေပါတယ်လို့ ၎င်းက ဆက်ပြောပါတယ်။ မစ္စတာမီရှယ်ဟာ သူ့ရဲ့နုတ်ထွက်စာကို ဘုရင်ဖိလစ်ထံ တင်ထားပေမယ့် ဘုရင်ကတော့ သူ့အနေနဲ့ ဝန်ကြီးချုပ်ရဲ့ နုတ်ထွက်စာကို လက်ခံတယ်၊ လက်မခံဘူးဆိုတာကို လူသိရှင်ကြား မကြေညာသေးပါဘူး။ မစ္စတာ မီရှယ်ဟာ အသက် ၄၂ နှစ်ရှိပြီး၂ဝ၁၄ အောက်တိုဘာလမှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ၁၈၄၁ ခုနှစ်ကစလို့ နိုင်ငံရဲ့ အသက်ငယ်ဆုံးသော ဝန်ကြီးချုပ်တစ်ဦးလည်း ဖြစ်ပါ တယ်။ အခုသူ့ရဲ့ နုတ်ထွက်စာကြောင့် ဘယ်လ်ဂျီယံမှာ ရွေးကောက်ပွဲကို စောခေါ်ဖို့ ဖြစ်နိုင်ခြေတွေ မြင့်တက်လျက် ရှိပါတယ်။

 

မစ္စတာမီရှယ်ဟာ ကုလသမဂ္ဂရဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ စာချုပ်ကို ကာကွယ်ပေးခဲ့သူ တစ်ယောက်ပါ။ သူ့ရဲ့ အမြင်ကတော့ ဒီစာချုပ်ကို ထောက်ခံပေးခြင်းအားဖြင့် ဥရောပအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်း ကောင်းတွေ ရလာမှာဖြစ်တဲ့အပြင် အပြည်ပြည်ဆိုင်ရာနဲ့ ပူးပေါင်းလုပ်ဆောင် မှုတွေလည်း တိုးလာမှာဖြစ်တယ်။

 

ဒါပေမယ့်လည်း ဝေဖန်သူတွေကတော့ ဒီစာချုပ်ကြောင့် ဥရောပတိုက် အတွင်းမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူ တွေများလာမယ်လို့ ယုံကြည်နေကြပါတယ်။

 

ငြင်းဆန်ခဲ့ကြ

 

ဇူလိုင်လအတွင်းမှာပဲ ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၆ နိုင်ငံဟာ လုံခြုံစိတ်ချရပြီး အစီအစဉ်ကျနတဲ့ ရွှေ့ပြောင်းသွားလာ ရေးမူဝါဒကို သဘောတူခဲ့ကြပါတယ်။ အဲဒီ သဘောတူစာချုပ်ကို နိုင်ငံပေါင်း ၁၆၄ နိုင်ငံက လက်မှတ်ရေးထိုးခဲ့သော်လည်း အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ သြစတြီးယား၊ ဟန်ဂေရီ၊ အီတလီ၊ ပိုလန်နဲ့ ဆလိုဗက်ကီးယား နိုင်ငံတို့ကတော့ ဒီသဘော တူစာချုပ်အတိုင်း လိုက်နာဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အဲဒီသဘောတူညီချက်ကို မကျေနပ်ကြတဲ့ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ဘရပ်ဆဲလ်မြို့ မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲ ကို ဖြိုခွင်းဖို့အတွက် ရဲတွေဟာ မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံး အစရှိတာတွေကို အသုံးပြု ပြီးဖြိုခွင်းခဲ့ရပါတယ်။ ရွှေ့ပြောင်း အခြေချ နေထိုင်သူတွေကို ဆန့်ကျင်လာ မှုဟာဆိုရင် ဥရောပမှာ၂ဝ၁၅ ခုနှစ်က စပြီး သိသာလာပါတယ်။ 

 

မကျေနပ်မှုတွေပိုပိုများလာ

 

ပြင်သစ်နိုင်ငံမှာဆိုရင် စီးပွားရေး မတည်မငြိမ်မှုတွေကြားမှာ အကြီးအကျယ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံမှာ အခြေခံ လူတန်းစားတွေအတွက် အခြေအနေတွေဟာ သက်သောင့်သက်သာ မရှိဘူးဆိုပြီး ကျေနပ်မှုတွေ ပိုမိုများပြားလာ နေပါတယ်။ ဒီလိုမျိုး မကျေနပ်မှုတွေ များနေတဲ့အချိန် ကုလသမဂ္ဂရဲ့ သဘောတူစာချုပ်ဟာ လူတွေရဲ့ ဒေါသကိုပိုပြီး နှိုးဆွပေးလိုက်သလို ဖြစ်သွားပါတယ်။

 

အိပ်မက်ဆိုးကြီး တစ်ခုသဖွယ်ဖြစ်လာ

 

အခုဆိုရင် ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေရဲ့ အရေးဟာ ဥရောပမှာ အိပ်မက်ဆိုးကြီးတစ်ခုသဖွယ် ဖြစ်နေပါပြီ။ ဒီပြဿနာကြောင့် အခက်ကြုံနေရတဲ့ အစိုးရအဖွဲ့တွေလည်း ဥရောပ တစ်လွှားမှာ များများလာပါတယ်။ သြဇာအရှိန်အဝါ ကြီးမားလှပါတယ်ဆိုတဲ့ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာ မာကယ်လည်း ဒီရွှေ့ပြောင်းသွားလာသူတွေကို လက်ခံတဲ့အတွက်ကြောင့် ပုံရိပ်ကျဆင်းခဲ့ရတာပါ။ အခုလည်း ဘယ်လ်ဂျီယံနိုင်ငံမှာ ရွှေ့ပြောင်း အခြေချနေထိုင်သူတွေကို ဆန့်ကျင်ရာမှ ပေါ်ပေါက်လာတဲ့နိုင်ငံရေး အကျပ် အတည်းကို ဘယ်လိုရုန်းထွက်မလဲ ဆိုတာ ဥရောပနိုင်ငံတွေ စိတ်အဝင်စား ဆုံးကိစ္စ ဖြစ်လာမှာပါ။

 

ကိုးကား -ဘီဘီစီ၊ 
နယူးယောက်တိုင်းမ်