မန္တလေးတိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်း ၁၈၀၀ ကျော် အသုံးပြု၍ ကျေးလက်ကုန်ထုတ်လမ်းပေါင်း ၂၅ လမ်း ဖောက်လုပ်ပေးမည်

မန္တလေး ၂၄ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၂ မြို့နယ်တွင် ယခုဘဏ္ဍာရေးနှစ်၌ ငွေကျပ်သန်း ၁၈၀၀ ကျော်အသုံးပြု၍ ကျေးလက်ကုန်ထုတ်လမ်းပေါင်း ၂၅ လမ်း ဖောက်လုပ်ပေးရန် လာမည့် ဒီဇင်ဘာလအတွင်း၌ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကုန်ထုတ်လမ်းများအား တောင်သူများစိုက်ပျိုးထားသည့် သီးနှံများ လေလွင့်မှုနည်းပါးစေရန် ရာသီမရွေး ထုတ်လုပ်သယ်ပိုးနိုင်ရန်နှင့် ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်ရေးအတွက် ရည်ရွယ်၍ ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေမှ ကျပ်သန်း ၁၈၀၀ ကျော် အသုံးပြု၍ ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောသည်။

“ခုလိုမျိုး ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးနေတာဆိုရင် စိုက်ပျိုးရေးတောင်သူတွေ အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးနေတာပါ။ ယခင်က ကုန်ထုတ်လမ်းတွေ မရှိတဲ့အခါမှာ စိုက်ပျိုးတဲ့သီးနှံတွေဟာ မိုးဒဏ်၊ လေဒဏ်တွေကြောင့် လေလွင့်မှုများနဲ့ ပျက်စီးမှုတွေ ဖြစ်ပေါ်ကြပါတယ်။ အဲဒါကြောင့် ကျေးလက်ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးနေတာပါ။ ကုန်ထုတ်လမ်းရှိတဲ့အတွက်ကြောင့် အချိန်မရွေးထုတ်လို့ရပါတယ်” ဟု ၎င်းကရှင်းပြသည်။

ယခုဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးမည့် မြို့နယ် ၂၂ မြို့နယ်မှာ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ကျော်ဆည်၊ စဥ့်ကိုင်၊ တံတားဦး၊ မြစ်သား၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ မလှိုင်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ကျောက်ပန်းတောင်းနှင့် ညောင်ဦးမြို့နယ်များဖြစ်ကြောင်း သိရသည်။ 

မင်းထက်အောင်(မန်းကိုယ်ပွား)