မန္တလေးမြို့တွင် ယခုဘဏ္ဍာနှစ်၌ လမ်းမီးတိုင်များ စိုက်ထူလျက်ရှိပြီး လမ်းမီးများအား ကွန်ပျူတာနှင့် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်သွားမည်

မန္တလေး ဇွန်

 

မန္တလေးမြို့တွင် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ လမ်းမီးတိုင်ပေါင်း (၁၀၅၅၉) တိုင် စံချိန်တင် စိုက်ထူလျက်ရှိပြီး လမ်းမီးများကို Control Room မှ ကွန်ပျူတာဖြင့် ထိန်းချုပ်၍ Smart street Light control system ဖြင့် အဖွင့်အပိတ် ပြုလုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

အဆိုပါ စနစ်နှင့်အတူ Street Dimming System ထည့်သွင်းထားသဖြင့် လမ်းသွားလမ်းလာ အသုံးပြုမှု နည်းပါးချိန်တွင် အလိုအလျောက် အလင်းအားလျော့ချပေးခြင်းတို့ကြောင့် လျှပ်စစ်ဓါတ်အားသုံးစွဲမှု လျော့နည်းသွားမည်ဖြစ်ကြောင်း၊ လမ်းမီးတိုင်များတွင် Street Light Technology အရ Arm Length and Angulation နှင့် LED မီးသီးအရည်အသွေး၊ သုံးစွဲမှုဝပ်အားကို လမ်းအကျယ်ပေါ်မူတည်ကာ မီးတိုင်အကွာအဝေးကို တွက်ချက်စိုက်ထူခြင်းဖြစ်ကြောင်း သိရသည်။

 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လမ်းမီးတိုင်အသစ် (၁၀၅၅၉) တိုင် စိုက်ထူမည်ဖြစ်ပြီး မိန်းလမ်းမကြီးများအား ဦးစားပေးဆောင်ရွက်မည်ဖြစ်ကာ လမ်းသွယ်များအတွက် အလှူရှင်များ လှူဒါန်းထားသည့်  လမ်းမီးတိုင် (၇၅၄)တိုင် တပ်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။ ယခုနှစ် မေလနောက်ဆုံးအပတ်အထိ အလှူရှင်များ လှူဒါန်းမှုအနေဖြင့် Single Arm မီးတိုင် (၁၆၈၉)တိုင်နှင့် Double Arm (၁၀၀၆) တိုင်ရှိပြီး လာရောက်လှူဒါန်းမှုများ ရှိနေဆဲဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)