မင်းလှမြို့၌  မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ရှားဆီမီး ၂၅၀၀ မီးမျှောပူဇော်ပွဲ ပျော်ရွှင်စွာဆင်နွှဲ

အထက်မင်းလှ  ၁၂ နိုဝင်ဘာ  

 

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၌ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်  ရှင်ဥပဂုတ္တ ရဟန္တာ မထေရ်မြတ်ကြီးအား တတိယအကြိမ်မြောက် ရှားဆီမီး ၂၅၀၀ မီးမျှောပူဇော်ပွဲကို တန်ဆောင်မုန်း လပြည့်နေ့ (နိုဝင်ဘာ ၁၁ ရက်) ညနေပိုင်းက  ကျင်းပခဲ့​ကြောင်း သိရသည်။

 

အဆိုပါ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို နိုဝင်ဘာလ ၁၀ ရက်မှစတင်၍ ပြိုင်ပွဲဝင် အသင်း ၁၁ သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ရာ ဗိုလ်လုပွဲကို ယမန်နေ့မွန်းလွဲပိုင်း၌  ကျင်းပခဲ့ခြင်းဖြစ်သည်။  ပြိုင်ပွဲများအပြီးတွင် ပထမဆုရ လိုတရအသင်းအား ငွေကျပ် နှစ်သိန်း၊ ဒုတိယဆုရ စန်းညွန့်ဝေ အသင်းအား ငွေကျပ်တစ်သိန်းငါးသောင်း၊ တတိယဆုရ မိုးကောင်းကင် () အသင်းအား ငွေကျပ်တစ်သိန်း နှင့် နှစ်သိမ့်ဆုရအသင်းရှစ်သင်းအား  ငွေကျပ် နှစ်သောင်းစီကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကို၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဌေး၊  မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သန်းလှိုင်၊  တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင် တို့က ဆုများ အသီးသီးချီးမြှင့်ပေးသည်။

 

mdn

 

ယင်းနောက် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးအား တတိယအကြိမ်မြောက်အဖြစ် ရှားဆီမီး ၂၅၀၀ မီးမျှောပူဇော်ပွဲကို ကျင်းပရာ  ရှင်ဉပဂုတ္တ ဖောင်တော်ပေါ်တွင်  လယ်ပြင်ကျောင်းဆရာတော် ဦးဣန္ဒက အမှူးပြုသည့် ဆရာတော်များနှင့် ဝတ်ရွတ်အသင်းများက  အန္တရာယ်ကင်းပရိတ်များ ရွတ်ဆိုကာ ရှားဆီမီး ၂၅၀၀  တင်ဆောင်ထားသည့် စက်လှေများအပါအဝင်  စက်လှေ ၁၆ စီးဖြင့်  ရွာတော်ကျေးရွာအနီး မြစ်လယ်တွင် မီးမျှောပူဇော်ပွဲအား စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှပြန်/ဆက်)