မိုးပြောင်းစိုက်ပျိုးသည့် တောင်သူများ ထွက်နှုန်းလျော့သည့်အပြင် ဈေးကွက်မကောင်း၍ အရှုံးပေါ်

ရေတာရှည်   ၁၁   သြဂုတ် 

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊  မြို့လှမြို့နှင့် ရေနီမြို့အကြား  မိုးပြောင်းကို အဓိက စိုက်ပျိုးသည့် ဆပ်သေကျေးရွာအုပ်စု၊ အလယ်ကျွန်းကျေးရွာ ဝန်းကျင်မှ မိုးရာသီ စားပြောင်းများ စတင် ပေါ်ချိန်တွင် မိုးရွာသွန်းမှုနည်းပါးကာ နေ့အပူချိန်မြင့်တက်ခြင်းနှင့် မျိုးမကောင်းသည့်အတွက် အထွက်နှုန်း လျော့ကျသည့်အပြင် ဈေးကွက်တွင်ရောင်းချရာ၌ ထက်ဝက်မက အရှုံးပေါ်လျက်ရှိကြောင်း ဒေသခံတောင်သူများ ပြန်လည်ရောင်းချသူများထံမှ သိရသည်။

 

ဒီနှစ်ကတော့ ပြောင်းစိုက်တဲ့ တောင်သူတွေ အကုန်ရှုံးတယ်။ ပထမက မျိုးပေါ့ ထိုင်းကုမ္ပဏီကနေ မျိုးထုတ်ပေးတာ အစေ့ကသေးသေးလေးတွေ။ တကယ်စိုက်တော့ မပေါက်တာကများတယ်။ နောက် ပိုးတွေကျပြန်တော့ ဆေးဖျန်းတော့လည်း ထိရောက်မှုမရှိဘူး မိုးကမရွာ နေအပူချိန်ပြင်းတော့ အပင်တွေသေတယ်။ မသေတဲ့အပင်ကလည်း ထိုင်သွားတယ်။ မနှစ်ကဆို တစ်ဧကကို လှည်း ၇ စီး ၈ စီးလောက် ထွက်တာ ဒီနှစ်မှာတော့ ၃ စီးထွက်တာ အလွန်ဆုံးပဲ။ ကိုဗစ်ကာလဆိုတော့ အရောင်းအဝယ် တွေ မကောင်းဘူး။ ပဲခူးဘက်က မှာရင်သာ ပို့ပေးရတာပဲရှိတယ်။ ကြားကာလမှာတော့ အဖူးစိုတာကို တစ်ဖူး ကျပ် ၁၂၀ နဲ့ဝယ်ရတယ်။ ကျပ် ၁၅၀ နဲ့ ခရီးသွားယာဉ်တွေ လာဝယ်သူတွေကို ပြန်ရောင်းရတာ။ တစ်ရက်ကို ဖူးရေ ၁၀ဝ တောင်မရောင်းရဘူးဖြစ်နေတယ်ဟု အလယ်ကျွန်းကျေးရွာနေ ပြောင်းဖူးရောင်းသူ ဒေါ်သိန်းရွှေက ပြောသည်။

 

ထိုင်းကုမ္ပဏီနှင့် အကျိုးတူစိုက်ပျိုးခြင်းဖြစ်သော်လည်း ပြောင်းပေါ်ချိန်တွင် ဝယ်ယူချိန် နောက်ကျ ခြင်းကြောင့် မိမိတို့အစီအစဉ်ဖြင့်သာ ဈေးကွက်တွင်ရောင်းချနေရခြင်းဖြစ်ကာ ခြောက်သွားသည့် ပြောင်းဖူးများကို ကြော်ဖိုများသို့ ကာလပေါက်ဈေးထက် လျော့ကာ ရောင်းချနေရသည်ဟု ၎င်းက ဆက်ပြောသည်။

 

ဈေးကွက်ဝင် ပြောင်းမျိုးဖြစ်သည့် ကာလာ ၅ ဒေသအခေါ် စပ်ကြားမျိုးကို အများဆုံးစိုက်ပျိုးကြပြီး သကြားပြောင်းခေါ် အဖြူရောင်နှင့် အဝါရောင် မျိုးများကိုလည်း စိုက်ပျိုးကြရာ များသောအားဖြင့် ရထားဘူတာရုံ၊ ကားဂိတ်၊ လူစည်ကားရာဈေးများအတွင်း ဖြန့်ဖြူးရောင်းချကြခြင်းဖြစ်သည်။  တောင်သူများအနေ့ ရာသီအလိုက်စိုက်ပျိုးကြသည့်အခါ စိုက်ပျိုးစရိတ်သွင်းအားစု ကုန်ကျ စရိတ်မှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားနေသည်ဖြစ်ရာ ပြောင်းစိုက်ပျိုးခြင်း ကဏ္ဍတစ်ခုမှာပင် ထွန်ယက် စရိတ်၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ လုပ်သားစရိတ်များအနေဖြင့် တစ်ဧကလျှင် ကျပ် ၃ သိန်းမှ ၄ သိန်းအထိ ကုန်ကျလျက်ရှိသော်လည်း လက်ရှိပြန်လည်ရရှိမှုမှာ ထက်ဝက်ကျော်မက အရှုံးပေါ်နေကြောင်း အလယ်ကျွန်းကျေးရွာနေ တောင်သူ ဒေါ်ခင်ဆန်းက ပြောသည်။

 

ကိုလွင်(ဆွာ)