မိုင်းဖြတ်၌  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

မိုင်းဖြတ် ၂၆  နိုဝင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခန့်က မြို့မစျေးရှေ့၊ ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များကို အခမဲ့ ဝေငှပေးခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများမှ ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် သွားလာနေကြသည့် နှာခေါင်းစည်း(Mask)မပါသူများကို အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဝေငှပေးခဲ့သည်။

ဆက်လက်၍ မိုင်းဖြတ်မြို့အထွက် ဟိုနားကျေးရွာအနီးရှိ ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ ပူးပေါင်းပါဝင်သည့် စစ်ဆေးရေးအဖွဲ့က ခရီးသွားပြည်သူများ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များ ကောက်ယူခြင်းနှင့် သက်ဆိုင်ရာမြို့နယ်များ၏ ခရီးသွား ထောက်ခံချက်များကို စစ်ဆေးကောက်ယူခြင်း၊ မြို့နယ်ပြည်သူ့ကျန်းများရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့တွင်း သို့ဖြတ်သန်းမည့် ကုန်တင်မော်တော်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)