မိတ္ထီလာတက္ကသိုလ်၌ ကြက်ခြေနီ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်လှစ်ပို့ချ

မိတ္ထီလာ ၂၇ ဇန်နဝါရီ 

မိတ္ထီလာတက္ကသိုလ်၌ ကြက်ခြေနီ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။

“ မိတ္ထီလာတက္ကသိုလ်မှာ ကြက်ခြေနီ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို တစ်ပတ်တာ ဖွင့်လှစ်ပို့ချတာ ဖြစ်ပါတယ်။ လူငယ်တွေ စည်းကမ်းကောင်းမွန်စေရေးနဲ့ စုပေါင်းညီညွတ်စွာဆောင်ရွက်တတ်ဖို့ ၊ အမိန့်နာခံတတ်ဖို့အတွက် လက်နက်မဲ့အခြေခံစစ်ရေးပြ၊ ထမ်းစင်မဲ့ လူနာသယ်ဆောင်နည်း၊ လူနာပတ်တီးစီးနည်း ၊ အဆိပ်ရှိသတ္တဝါအကိုက်ခံရရင် လူနာကို ရှေးဦးပြုစုနည်း စတဲ့ရှေးဦးပြုစုခြင်း သင်ခန်းစာတွေကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးတာဖြစ်ပါတယ်။ ဒီကြက်ခြေနီသင်တန်းက သင်တန်းဆင်းလက်မှတ်ပေးတဲ့ သင်တန်းမျိုးမဟုတ်ဘဲ အရည်ချင်းစစ်စာမေးပွဲကိုဖြေဆိုရပြီး အောင်မြင်တဲ့သူကို သင်တန်းဆင်းအောင်လက်မှတ်ပါ ပေးအပ်ချီးမြှင့်တဲ့ သင်တန်းဖြစ်ပါတယ်”ဟု ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦး က ပြောသည်။

အဆိုပါ ကြက်ခြေနီ ရှေးဦးပြုစုခြင် းအခြေခံသင်တန်းသို့ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသူ ၆ဝ  ၊ကျောင်းသား ၂ဝ စုစုပေါင်း သင်တန်းသားသင်တန်းသူ ၈ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ချမ်းသာ ( မိတ္ထီလာ )

{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။}