မြိတ်မြို့တွင် ပင်လယ်ပြင်မှ ပြန်လည်ဝင်ရောက်လာမည့် ငါးဖမ်းလှေ၊ ငါးသယ်လှေများမှ ရေလုပ်သားများအား ကျန်းမာရေးစစ်ဆေးသွားမည်

မြိတ် ၂  ဧပြီ

 

မြိတ်ခရိုင်၌ ပင်လယ်ပြင်ငါးဖမ်းကွက်များမှ ကမ်းသို့ပြန်လည်ဝင်ရောက်လာမည့် ငါးဖမ်းလှေများ၊ ငါးသယ်လှေများရှိ  ရေလုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဦးစီးကော်မတီနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ညှိနှိုင်းဆွေးနွေးပွဲမှ သိရသည်။

 

ငါးဖမ်းလှေများနှင့် ငါးသယ်လှေများသည် လုပ်ငန်းသဘောသဘာဝအရ လပြည့်ရက်များမတိုင်မီ လုပ်ငန်းခွင်မှ ကမ်းသို့ ပြန်လည်ဝင်ရောက်လေ့ရှိသဖြင့် ဧပြီ ၄ ရက်မှ ၈ ရက်အတွင်း နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိနှင့် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးမှုများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။ 

 

သို့ဖြစ်ပါ၍ ရောက်ရှိလာကြမည့် ငါးသယ်လှေများရှိ ရေလုပ်သားများအား ဆိပ်ငယ်ဗောတံတား အရှေ့ရေပြင်တွင် လည်းကောင်း၊ ငါးဖမ်းလှေများရှိ ရေလုပ်သားများကို ထူးထူးတိုးတံတားမှ ငါးလေလံဈေးအထိ အရှေ့ရေပြင်တွင် လည်းကောင်း ကျန်းမာရေးစစ်ဆေးသွားမည် ဖြစ်သည်။

 

1

 

မြိတ်ခရိုင်ရှိ ငါးဖမ်းကွက်များအတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသော ငါးဖမ်းလှေများ၊ ငါးသယ်လှေ အစီးရေ (၁၀၀) ကျော်နှင့် ရေလုပ်သား နှစ်သောင်းခန့်ရှိပြီး ပြန်လည်ရောက်ရှိလာပါက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်ထားပြီး မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနက မတ် ၂၅ ရက်မှစတင်ကာ မြိတ်စစ်ဆေးရေးစခန်း၌ ငါးဖမ်းငါးသယ်လှေများရှိ ရေလုပ်သားများအား ပုံမှန်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)