မီးအသိ မီးသတိရှိစေရန်  စစ်ဆေးအသိပညာပေးခြင်း သရုပ်ပြဇာတ်တိုက်‌ လေ့ကျင့်ခြင်းများ ဆောင်ရွက်

ရေဦး  ၁၇    ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် မီးသတ်ဦးစီးမှုးရုံး ဦးစီးမှုးဦးရန်ပိုင်ဖြိုး ဦးဆောင်လျှက် ဖေဖော်ဝါရီ ၁၇ ရက်နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ    မီးဘေးကြိုတင် ကာကွယ်နိုင်ရေးနှင့် မီးအသိ မီးသတိရှိစေရန်အတွက် စစ်ဆေးအသိပညာပေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

542

 

ရှေးဦးစွာ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများနှင့် စာရေးဝန်ထမ်းများအား  မြို့နယ်မီးသတ်ဦးစီးမှုး ဦးရန်ပိုင်ဖြိုးက မီးလောင်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်းများနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများ၊ ရပ်ကွက် ကျေးရွာလူထုနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်သင့်သည့် ရပ်ရွာအကျိုးပြု လုပ်ငန်းများ၊  နိုင်ငံတစ်ဝန်းရှိ အချို့သောနေရာများတွင် တွေ့မြင်ကြားသိနေရသည့် မီးလောင်မှု ဖြစ်စဉ်နှင့်   ဖြစ်ပွားရခြင်းအကြောင်းအရင်းများကို အသိပညာပေး‌  ပြောကြားခဲ့သည်။

 

32

 

ဆက်လက်ပြီး  လက်ထောက်မီးသတ်ဦးစီးမှုး ဒေါ်ခင်လေးသိမ့်က မီးသတ်ဆေးဘူး၏ မီးငြိမ်းသတ်နိုင်မှု စွမ်းရည်၊ မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်နိုင်မှု   စွမ်းရည်များနှင့်ပတ်သက်၍  ရှင်းပြခဲ့သည်။ ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှုးများ စာရေးဝန်ထမ်းများက  မီးသတ်ဆေးဘူးဖြင့်  မီးငြှိမ်းသတ်ခြင်း ကို သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

 

အလားတူ ဒုဦးစီးမှုး ဦးသန့်ဇင်ဖြိုးနှင့် သန္ဓေတပ်ဖွဲ့ဝင်များ အရန်တပ်ဖွဲ့ဝင်များ    ရပ်မိရပ်ဖများ ပါဝင်သော ပူးပေါင်းအဖွဲ့သည်   အောင်မင်္ဂလာရပ်ကွက်၊   ရေဦးကုန်းကျေးရွာ၊  မုတ်စီကျေးရွာရှိ  ဆန်စက်ရုံနှင့် လူနေအိမ်များသို့ ကွင်းဆင်းကာ တစ်အိမ်တက်ဆင်းဖြင့် မီးဘေးလုံခြုံရေး စစ်ဆေးအကြံခြင်း၊ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သန်းသန်း(ရေဦး)

 

520