မြေပဲသီးနှံစိုက်ပျိုးရာတွင် ဓာတ်ကြွင်းအာနိသင်နှင့် အယ်ဖလာတောက်ဆင် ပါဝင်မှု လျှော့ချရေး တောင်သူများအား ကွင်းဆင်းပညာပေး

ညောင်ဦး   ၁၉    အောက်တိုဘာ    

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူများ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်  ဓာတ်ကြွင်းအာနိသင်ပါဝင်မှုနှင့် အယ်ဖလာတောက်ဆင်ပါဝင်မှု လျှော့ချရေးစီမံကိန်းအား ညောင်ဦးမြို့နယ်၌ ကျေးရွာပေါင်း (၁၆)ရွာတွင် စီမံကိန်းချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၉ ရက်၊ ယနေ့ နံနက် ၈ နာရီက ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ကျကွင်းဝန်ထမ်း ဒေါ်မေသဇင်ဖူးနှင့် ဝန်ထမ်းများအဖွဲ့က ညောင်ဦးမြို့နယ် ရွာသာကျေးရွာသို့ သွားရောက်ပြီး မြေပဲစိုက် တောင်သူများအား စီမံကိန်းလုပ်ငန်းများ သိရှိလိုက်နာနိုင်ရေးအတွက် ကွင်းဆင်းပညာပေးခဲ့ကြောင်း သိရသည်။ 

 

1

           

ထိုသို့ ကွင်းဆင်းပညာပေးရာတွင် တာဝန်ကျကွင်းဝန်ထမ်း ဒေါ်မေသဇင်ဖူးနှင့် ဝန်ထမ်းများအဖွဲ့က ရှေးဦးစွာ ညောင်ဦးမြို့နယ် ရွာသာကျေးရွာရှိ မြေပဲစိုက်တောင်သူ ဦးစိုးမြင့်၏ မိုးမြေပဲစိုက်ခင်းသို့ သွားရောက်ကာ မြေပဲသီးနှံစိုက်ပျိုးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရန် ဓာတ်ကြွင်းအာနိသင်နှင့် အယ်ဖလာတောက်ဆင်(မှိုအဆိပ်) ပါဝင်မှု လျှော့ချနိုင်ရေး (GAP) နည်းစနစ်ဖြင့် စိုက်ပျိုးမှုနည်းစနစ်များ ၊ သီးနှံအရည်အသွေး ကောင်းမွန်စေရန်နှင့် အစားအစာ ဘေးကင်းလုံခြုံမှု ရှိစေရန် လိုက်နာဆောင်ရွက်ရန် နည်းလမ်းများ၊ သီးနှံအထွက်နှုန်း လျော့နည်းမှု မရှိစေရေး ရိတ်သိမ်းချိန်လွန် နည်းပညာများနှင့် သီးနှံရိတ်သိမ်းပြီးနောက်ပိုင်း ဆောင်ရွက်ရမည့် အချက်များကို ပညာပေး ဆွေးနွေး ဟောပြောခဲ့သည်။

           

ထို့နောက် တောင်သူ ဦးစိုးမြင့် မိုးမြေပဲစိုက်ခင်း ရိတ်သိမ်းနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးကာ သီးနှံအရည်အသွေး ကောင်းမွန်ရေး စနစ်တကျ ထားသိုနည်းစနစ်များကို ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသော မိုးမြေပဲစိုက်ခင်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )