မြေငလျင်တွေ လှုပ်တဲ့အခါ

၂၇  အောက်တိုဘာ

ဒီတစ်ပတ်တော့ သဘာဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ မြေငလျင်အကြောင်းနဲ့ငလျင်လှုပ်တဲ့အခါ အန္တရာယ်ကင်းအောင် ဘယ်လိုနေသင့်သလဲဆိုတဲ့အကြောင်း ကလေးတို့ကို ပြောပြချင်ပါတယ်။ ငလျင်လှုပ်တာကိုရော ကလေးတို့ကြုံဖူးကြပြီလား။ အိမ်တွေ၊ ကျောင်းတွေ၊ တိုက်တာအဆောက်အအုံတွေ ရုတ်တရက် တုန်လှုပ်သွားတာမျိုး၊ ကိုယ်ကမြေပြင်ပေါ်မှာ ရောက်နေရင်လည်း မြေကြီးကယိမ်းထိုးတုန်လှုပ်သွားတဲ့အချိန်မှာ မူးနောက်နောက်ဖြစ်သွားတာမျိုးစတဲ့ အင်အားနည်းတဲ့ ငလျင်မျိုးတွေတော့ မမတို့ငယ်ငယ်ကတည်းကနေ ခုချိန်ထိ ကြုံခဲ့ရဖူးပါတယ်။

ငလျင်လှုပ်တယ်ဆိုတာ ကမ္ဘာမြေအောက်ဟိုးအနက် ကြီးထဲမှာရှိတဲ့ ကမ္ဘာ့ကျောက်လွှာချပ်ကြီးတွေ တစ်ခုနဲ့တစ်ခု တိုးတိုက်နေရင်းက အားတွေထွက်ပေါ်လာပြီး မြေကြီးက ရုတ်တရက်တုန်လှုပ်တာဖြစ်ပါတယ်။ မမတို့ မသိကြပေမယ့် တစ်နှစ်တစ်နှစ်ကို မြေငလျင်အကြိမ်ပေါင်း ငါးသိန်းလောက် လှုပ်နေတယ်တဲ့။ အားနည်းလွန်းလှတဲ့ မြေငလျင်လှုပ်တာတွေကို လူတွေမသိကြပေမယ့် အကြိမ်တစ်သိန်းလောက်ကတော့ လူတွေသိနိုင်လောက်အောင် လှုပ်တာဖြစ်ပါတယ်တဲ့။ အဲဒီထဲကမှ အကြိမ်တစ်ရာလောက်ကတော့ တိုက်တာအဆောက်အအုံတွေကို ထိခိုက်ပျက်စီး စေနိုင်လောက်တဲ့ အင်အားရှိတဲ့ ငလျင်ကြီးတွေဖြစ်တယ်လို့ မြေငလျင်ကိုလေ့လာနေတဲ့ သိပ္ပံပညာရှင်ကြီးတွေက ပြောကြပါတယ်။

အင်အားပြင်းတဲ့ မြေငလျင်လှုပ်တဲ့အခါမှာ တစ်ခါတစ်ခါလည်း မြေပြင်မှာ အက်ကြောင်းကြီးတွေ ကွဲထွက်ပြီး မြေမျက်နှာပြင်တွေ ရွေ့သွားတတ်ပါတယ်။ တောင်ကုန်း တောင်စောင်းနဲ့ ဆင်ခြေလျှောနေရာတွေမှာဆိုရင်လည်း မြေပြိုကျတာတို့၊ ကျောက်တုံးကျောက်ခဲတွေ လိမ့်ဆင်း ပြိုကျတာတို့ ဖြစ်တတ်ပြီး အဆောက်အအုံတွေပေါ်ကို ဖုံးလွှမ်းသွားတတ်တာမို့ ကြောက်ဖို့ကောင်းတာပေါ့။ တချို့ဒေသတွေမှာတော့ မြေအောက်ကရေတွေနဲ့ သဲတွေ မြေပြင်ပေါ်ကို ပန်းထွက်လာတာ၊ သဲမြေက အရည်ပျော်သွားပြီး အဆောက်အအုံတွေ ယိမ်းယိုင်လဲပြိုသွားတာ၊ မြေထဲကျွံကျ နစ်မြုပ်သွားတာတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။ ပင်လယ်ပြင်ထဲမှာ မြေငလျင်လှုပ်ရင်တော့ ဆူနာမီလှိုင်းလုံးကြီးတွေ ဖြစ်ပေါ်တတ်ပြီးတော့ ကမ်းခြေမှာရှိတဲ့ မြို့တွေ၊ ရွာတွေကို ဖျက်ဆီးတတ်တာပေါ့။

မြေငလျင်လှုပ်တာကို ဘယ်တော့လှုပ်မလဲလို့ ကြိုတင်မခန့်မှန်းနိုင်ကြသေးပါဘူး။ ဒါပေမယ့် မြေငလျင်လှုပ်တဲ့အခါ ဘေးအန္တရာယ်တွေ တတ်နိုင်သမျှကင်းဝေးစေဖို့ နည်းလမ်းညွှန်ပြထားတာတွေရှိသလို ကျောင်းတွေမှာသင်ပြပေးတာ၊ လက်တွေ့လေ့ကျင့်ကြတာတွေလည်း ရှိပါတယ်။

 

73239248_2398574513716376_1975378226775588864_n

 

ဘေးအန္တရာယ်ကင်းဝေးဖို့

ငလျင်ဘယ်တော့လှုပ်မယ်ဆိုတာကို ဘယ်သူမှ ကြိုမသိနိုင်တာမို့ ကြိုတင်ပြင်ဆင်မှု၊ လေ့ကျင့်မှုတွေလုပ်ထားရင် တကယ်ဖြစ်လာတဲ့အခါ အန္တရာယ်ကင်းနိုင်ပါတယ်တဲ့။ အိမ်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ် ငလျင်လှုပ်တဲ့အခါ အန္တရာယ်အကင်းဆုံးနေရာနဲ့၊ အန္တရာယ်အများဆုံး နေရာတွေကို လေ့လာမှတ်သားထားရပါမယ်။ ပြတင်းပေါက်တွေ၊ မှန်တွေ၊ ဗီရိုအမြင့်ကြီးတွေနဲ့ ယိုင်လဲနိုင်တဲ့ စင်တွေ၊ သေတ္တာတွေနဲ့ ကုန်ပစ္စည်းတွေ၊ ဆန်အိတ်တွေ အမြင့်ကြီးဆင့် ထပ်ထားတဲ့နေရာ၊ ပြိုကျနိုင်တဲ့ နံရံလိုနေရာမျိုးတွေကို အန္တရာယ်များတဲ့နေရာတွေမို့လို့ ရှောင်ကြရပါမယ်။ အန္တရာယ်ကင်းနိုင်တဲ့ နေရာတွေကတော့ ခိုင်ခံ့တောင့်တင်းတဲ့ ပရိဘောဂတွေအောက်၊ အခန်းတိုင်နဲ့ ကပ်နေတဲ့နေရာ၊ ထောင့်ကျတဲ့ နေရာတွေဖြစ်ပြီး အဆောက်အအုံပြိုကျတဲ့အခါ အန္တရာယ်ကနေ လွတ်မြောက်တတ်တဲ့ နေရာတွေ ဖြစ်ပါတယ်။

အရေးကြီးတာကတော့ ငလျင်လှုပ်တဲ့အချိန်မှာ စိတ်ငြိမ်ငြိမ်ထားရပါမယ်တဲ့။ ငလျင်လှုပ်ပြီဆိုရင် ကြောက်လန့်တကြား ဟိုပြေးဒီပြေးလုပ်ရင်း ထိခိုက်သေကျေကြရတာက အများဆုံးဖြစ်တယ်လို့ဆိုပါတယ်။ အဆောက်အအုံထဲမှာ ရှိနေရင် အဆောက်အအုံထဲက အန္တရာယ်အကင်းဆုံးနေရာမှာ နေရပါမယ်။ ခေါင်းကိုမထိခိုက်အောင် ကာကွယ်ရပါမယ်။ “ကိုယ်ကိုနှိမ့်ချ၊ အကာအကွယ်ယူ၊ မြဲမြဲကိုင်ထား” ကြရပါမယ်။

အဆောက်အအုံအ ပြင်မှာရှိနေရင်တော့ ပြိုကျနိုင်တဲ့နံရံ၊ အဆောက်အအုံ၊ ရေစင်မျှော်စင်တွေ၊ ဓာတ်မီးတိုင်တွေ၊ မီးလောင်ပေါက်ကွဲနိုင်တဲ့နေရာတွေကို ရှောင်ပြီးနေကြရပါမယ်။ ကွင်းပြင်နဲ့ ကွက်လပ်တွေက အန္တရာယ်အကင်းဆုံးပါ၊ အပြင်မှာနေရင်လည်း ကိုယ့်ရဲ့ခေါင်းကို မထိခိုက်အောင်ကာကွယ်ကြရပါမယ်။

ငလျင်ကြီးလှုပ်ပြီးရင်လည်း နောက်ဆက်တွဲ ငလျင်ငယ်လေးတွေ လှုပ်တတ်တာမို့ အန္တရာယ်ကင်းချိန်အထိ ဘေးကင်းတဲ့နေရာမှာ နေကြရပါတယ်။ ဒီတစ်ပတ်တော့ကလေးတို့ကို မြေငလျင်အကြောင်းနဲ့ ငလျင်လှုပ်တဲ့အခါ အန္တရာယ်ကင်းအောင် ဘယ်လိုနေကြရမလဲဆိုတာကို ဗဟုသုတဖြစ်အောင်ဖော်ပြခဲ့တာမို့ သူငယ်ချင်းတွေကိုလည်း ဝေမျှပြောပြလိုက်ကြပါဦး။

ကေ- ဂျူဝယ်လ်

 

73364210_2398574543716373_4603935621092737024_n