လူစည်ကားမည့်  ပွဲအခမ်းအနားများ ခေတ္တပိတ်လိုက်ခြင်းကို ထောက်ခံကြောင်း L ဆိုင်းဇီ ပြောကြား

ကိုလင်း

 

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့်ရောဂါ cOVID-19 မှာ တစ်ကမ္ဘာလုံးအတိုင်းအတာ ကူးစက်မှု ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံတွင် ယနေ့အထိ ရောဂါကူးစက်သူ မတွေ့ရှိရသေးသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ရောဂါမကူးစက်စေရန် ရည်ရွယ်ပြီး လူစည်ကားမည့် ပွဲလမ်းသဘင်အခမ်းအနားများကို ပြုလုပ်ကျင်းပခွင့်မပြုတော့ကြောင်း မကြာမီက တရားဝင်ကြေညာလိုက်သည့်အပေါ် ထောက်ခံကြိုဆိုပြီး ကျေးဇူးတင်ကြောင်း အဆိုတော် Lဆိုင်းဇီက ပြောကြားသည်။

 

"ညီမကတော့ အခုလို ပွဲတော်တွေ၊ သင်္ကြန်တွေ ပိတ်လိုက်တာ သဘောကျတယ်၊ ဒီလိုပိတ်လိုက်လို့ စီးပွားရေးနဲ့ပဲကြည့်မလား၊ ဘာနဲ့ပဲကြည့်ကြည့်၊ စီးပွားရေးသမားပဲဖြစ်ဖြစ်၊ အဆိုတော်ပဲဖြစ်ဖြစ်၊ အနုပညာရှင်တွေပဲဖြစ်ဖြစ် ရှိရှိသမျှ လူတွေအကုန်လုံးကိုတော့ ထိခိုက်တာတော့ အမှန်ပဲပေါ့။ ဒီသင်္ကြန် မှာလည်း အများကြီးပေါ့။ သင်္ကြန်တွင်းမှာ စီးပွားရေးလုပ်မယ်လို့ ပြင်ထားတဲ့ သူတွေလည်း အများကြီးရှိတယ်လေ။ အဲဒီလူတွေ အားလုံးအတွက်ကတော့ စိတ်မကောင်းစရာပဲပေါ့။ ဒါပေမယ့် ရောဂါကိုမဖြစ်ခင်မှာ ကြိုတင်ကာကွယ်တာ အကောင်းဆုံးလို့ ညီမမြင်တယ်။ ဒီလိုမျိုး လူစုလူဝေး ဖြစ်တဲ့အခါကျတော့ ကိုယ်ကပိတ်လိုက်ရလည်း တစ်လ၊ နှစ်လ ထိခိုက်တာတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း ကိုယ့်အတွက် ရောဂါကိုကြိုတင်ကာကွယ်နိုင်တာတော့ အကောင်းဆုံးဖြစ်မယ်။ မြန်မာနိုင်ငံက သူများနိုင်ငံတွေထက်ကို မဖွံ့ဖြိုးသေးတဲ့ အရာတွေလည်း အများကြီးရှိနေသေးတော့ ညီမကတော့ အဲဒီလို ပိတ်လိုက်တာကို သဘောကျပါတယ်။ နိုင်ငံတော်အစိုးရလူကြီးတွေကိုလည်း ကျေးဇူးတင်တယ်။ သင်္ကြန်မလုပ်ဖြစ်တာကိုတော့ အမှန်တိုင်းပြောရရင် ကိုယ်က ကျေးဇူးတင်သလို တစ်ဖက်က ပြန်စဉ်းစားမယ်ဆိုရင် စီးပွားရေးလုပ်မယ့်သူတွေအတွက်တော့ စိတ်တော့မကောင်းဘူးပေါ့" ဟု Lဆိုင်းဇီက ပြောသည်။

 

ယခုလို လူစုလူဝေးဖြစ်မည့်ပွဲများ ပိတ်လိုက်ခြင်းကြောင့် Lဆိုင်းဇီ ကိုယ်တိုင်လည်း အလုပ်များကို ရွှေ့ဆိုင်းလိုက်ရသည်များ ရှိကြောင်း၊ ဧပြီလထဲတွင် ပရဟိတပွဲများ ဖျော်ဖြေရန်ရှိသော်လည်း ယခု ယင်းပွဲများကို ရွှေ့ဆိုင်းထားရန် စီစဉ်ပြီးဖြစ်ကြောင်း သိရသည်။

 

"ဆိုင်းဇီဆိုရင် အခု ဧပြီ ၄ ရက်မှာ မော်လမြိုင်မြို့မှာရှိတဲ့ အနာကြီးရောဂါ ခံစားနေရတဲ့ ဝေဒနာရှင်တွေကို အဲဒီဆေးရုံမှာ သွားလှူဖို့ရှိတယ်။ ညီမနဲ့ ညီမသူငယ်ချင်းတွေရော၊ အနုပညာရှင်တွေရော အဝတ်အစားတွေ ရောင်းမယ်။ ညီမဆိုရင် ဖန်စီတွေပါမယ်။ အဝတ်အစားတွေပါမယ်။ ဖိနပ်တွေပါမယ်။ ရောင်းလို့ရတဲ့ပိုက်ဆံ အကုန်လုံး မယူဘဲနဲ့ အနာကြီးရောဂါ ခံစားနေရတဲ့သူ တွေကို ပြန်လှူမယ်။ အရင်တုန်းကတော့ မိဘမဲ့ကလေးတွေကို အဝတ်အစားတွေ သွားလှူတာရှိတယ်။ ဒီလိုမျိုး ပွဲမှာဝတ်တဲ့ အဝတ်အစားတွေဆိုရင် အဲဒီမှာ သွားလှူလို့ အဆင်မပြေဘူး။ အဲဒီတော့ တချို့ပရိသတ်တွေကတော့ ဒီဟာမျိုးကို ဝယ်သိမ်းချင်တဲ့သူ၊ အမှတ်တရ သိမ်းချင်တဲ့သူ ရှိတယ်။ အဲဒီလို ညီမလေးတွေအတွက် ရည်ရွယ်ပြီး ရောင်းမယ်ပေါ့။ ရလာတဲ့ ပိုက်ဆံကို သွားလှူဖို့ ဧပြီ ၄ ရက်နေ့ကို လုပ်ထားတာ။ ဒါပေမယ့် အခု ဒီလိုမျိုးဖြစ်တဲ့အခါကျတော့ နောက်ကို ရွှေ့သွားတာ ၅ လပိုင်းမှပဲ အကုန်လုံး ခွင့်ပြုမယ်ဆိုတော့ အဲဒီအခါကျမှပဲ လုပ်ပါတော့မယ်"ဟု ပြောသည်။

 

Lဆိုင်းဇီအနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်ကာ တတ်စွမ်းသမျှ ပရဟိတအလုပ်များ လုပ်ဖြစ်နေပြီး နတ်မောက်၊ မိုးမိတ်၊ မြစ်ကြီးနား၊ မှော်ဘီ၊ လှည်းကူး၊ မြို့များတွင်ရှိသည့် လူငယ်ပြုပြင်ရေး သင်တန်းကျောင်းများသို့ အလှူငွေနှင့် အဝတ်အစား အသုံးအဆောင်များ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

မြန်မာ့အလင်း